စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် စစ်မှုထမ်းဟောင်းများ နေထိုင်တဲ့ အောင်ဇေယျကွက်သစ် (ဒေသခေါ် ရွှေတောင်ဦးကုန်း) မှာရှိတဲ့ စစ်ဆေးရေးဂိတ် ဖေဖော်ဝါရီ ၁ ရက်နေ့ ညနေပိုင်းက ဒရုန်းယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီစစ်ဆေးရေးဂိတ်ဟာ မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းမှာတည်ရှိပြီး ခရီးသွားပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့က ပုံမှန်စစ်ဆေးရေးပြုလုပ်နေတဲ့ နေရာလည်းဖြစ်တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁ ရက် ညနေ ၅ နာရီဝန်းကျင်လောက်ဖြစ်ပြီး ဒရုန်းယာဥ်နဲ့ တိုက်ခိုက်ခံလိုက်ရတာလို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ခိုက်လာတဲ့ ဒရုန်းယာဥ်ဟာ ၂ စီးဖြစ်ပြီး ပထမ ဒရုန်းယာဥ်က ချတဲ့ဗုံးဟာ စစ်ကောင်စီ တပ်ဖွဲ့တွေပေါ်ကို ထိမှန်ခဲ့တာကြောင့် ၁၀ ဦးထက်မနည်း အတုံးအရုံး ဖြစ်သွားတယ်လို့ သိရကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒုတိယမြောက်ဒရုန်းယာဥ်ကိုတော့ ကျန်ရှိတဲ့ စစ်ကောင်စီတပ်သားများက သေနတ်နဲ့လိုက်ပစ်လို့ ဗုံးချကြဲနိုင်ခြင်း မပြုလုပ်ခဲ့နိုင်ဘဲ ဒရုန်းယာဥ်လည်း လွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေ့က အဲဒီစစ်ဆေးရေးဂိတ်အနီးမှာ မုံရွာမြို့မှာကျင်းပတဲ့ တပ်ထောက်ခံပွဲသွားရောက်ကြတဲ့ စစ်မှုထမ်းဟောင်းမိသားစုဝင်တွေကို ခရီးသည်တင်ကားများနဲ့ အကြိုအပို့ပြုလုပ်ပေးနေတာရှိပြီး လုံခြုံရေးကိုလည်း ယခင်နေ့တွေကထက် ပိုမိုအင်အားဖြည့်ထားတဲ့အချိန်လည်း ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီစစ်ဆေးရေးဂိတ်ဟာ ယခင်တုန်းကလည်း ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရဖူးပြီး စစ်ကောင်စီတပ်ဖွဲ့ ထိခိုက်မှု ရှိ၊ မရှိ မသိရပေမဲ့ အခုတိုက်ခိုက်ခံရမှုကတော့ ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တာလို့လည်း ပြောပါတယ်။
အခုလို တိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာ မသိရသေးသလို ထုတ်ပြန်ကြေညာထားတာလည်း မရှိသေးပါဘူး။
ယင်းမာပင်မြို့နယ်ဟာ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးမှာ အင်အားကောင်းစွာနဲ့ တော်လှန်နေတဲ့ မြို့နယ်တွေထဲက တစ်ခုဖြစ်ပြီး ဇန်နဝါရီ ၁ ရက်နေ့ကလည်း အသံတိတ်သပိတ်ကို မြို့ပေါ်နဲ့ ကျေးလက်ဒေသများပါမကျန် တညီတညွတ်တည်း ပြုလုပ်ခဲ့ကြပါတယ်။