ကျိုင်းတုံတွင် ကျပ် ၁ ဘီလီယံခွဲကျော်တန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိ
DVB
·
October 14, 2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်မှာ ငွေကျပ် ၁ ဘီလီယံခွဲကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူတွေ သိမ်းဆည်းရမိခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
တောင်ကြီး-ကျိုင်းတုံသွားကားလမ်း၊ ကျိုင်းဖောင်းစစ်ဆေးရေးဂိတ်မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ဖြတ်သန်းသွားလာတဲ့ ယာဉ်နဲ့ လူတွေကို လုံခြံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းအဖွဲ့က စစ်ဆေးနေရာမှာ အောက်တိုဘာ ၁၂ ရက် မနက် ၉ နာရီခွဲလောက်က မိုင်းပျဉ်းဘက်မှ ကျိုင်းတုံဘက်သို့ မောင်းနှင်လာတဲ့ Vigo အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးဖို့ တားဆီးစဉ် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။
ပိတ်ဆို့ဖမ်းဆီးခဲ့ရာ ကျိုင်းတုံမြို့၊ ရပ်ကွက်(၁)၊ နောင်ရေးလမ်း၊ ယာဉ်ထိန်းရုံးရှေ့မှာ အဆိုပါ မော်တော်ယာဉ်ကို ယာဉ်မောင်းဖြစ်တဲ့ ကျဟဲ(ဘ)ဦးကျလား ၃၅ နှစ်၊ ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ကျစောနဲ(ဘ)ဦးကျမူဒယ် ၁၅ နှစ်တို့နဲ့အတူ ယာဉ်နောက်ခန်းမှာ ဆာလာအိတ်တွေနဲ့ ထည့်ထားတဲ့ ဘိန်းဖြူ ၁၁၀ ဒသမ ၉၅ ကီလိုဂရမ်ခန့်(ခန့်မှန်းတန်ဖိုး ငွေကျပ် ၁ ဒသမ ၆၆၄၂၅ ဘီလီယံခန့်)ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ဖမ်းဆီးရမိမူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးရမိသူတွေကို သက်ဆိုင်ရာသို့ ပြောင်းအပ်နှံပြီး တရားဥပဒေနဲ့အညီ အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ တပ်မတော် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဓာတ်ပုံ- DSINFO