မွန်ပြည်သစ်ပါတီနှင့် KNU/ KNLA-PC တပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွား
နော်နိုရင်း
·
October 12, 2020
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မင်းရွာအနီးမှာ အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းက အန်စီအေ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီနဲ့ KNU/ KNLA-PC တို့အကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။
ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာဟာ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေထဲမှာဖြစ်ပြီး KNU/ KNLA-PC ဘက်က တပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးထားကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့သိရကြောင်း KNU/ KNLA-PC အထွေထွေအတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စောကျော်ညွှန့်က ပြောပါတယ်။
“တီးတီးတို့ အကြမ်းအားဖြင့် သိရတာကတော့ တီးတီးတို့ဘက်က လူတစ်ယောက်ကို အဲဒီ မွန်ပြည်သစ်ပါတီက ဖမ်းထားတာပေါ့နော်။ ဖမ်းထားတဲ့အခါကျတော့ အဲလိုမျိုး ချိတ်ဆက် ဆောင်ရွက်မှုက အားနည်းလို့ပဲလား၊ ဒီက သူ့တာဝန်ခံတွေ သူတို့နည်းသူတို့ဟန်နဲ့ ပြန်ပြီးတော့ လိုက်ပြီးတော့ ညှိနှိုင်းခေါ်ယူဖို့သွားတဲ့အချိန်မှာ မွန်ပြည်သစ်က စပြီးတော့ပစ်တယ်လို့ အဲလို ပထမဦးဆုံးသတင်းက အဲလိုပဲ သတင်းရပါတယ်။”
ဘာကြောင့်ဖမ်းဆီးထားလဲဆိုတာ သေချာမသိရသေးကြောင်းနဲ့ KNU/ KNLA-PCရဲ့ အထူးတပ်ရင်း ၇၇၆ တပ်ရင်းမှူး စောရဲမောင်ဦးဆောင်တဲ့အဖွဲ့နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီဘက်ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။
ဒီပစ်ခတ်မှုကြောင့် နှစ်ဘက်လုံးမှာ ဒဏ်ရာရသူမရှိပေမယ့် KNU/ KNLA-PC က ကားတစ်စီး ပျက်စီးသွားပါတယ်။