ကျောက်မဲမြို့ရှိ စစ်ရှောင်ကလေးများအတွက် အာဟာရမှုန့်နှင့်အဝတ်အစားများ လိုအပ်နေ
DVB
·
October 11, 2020
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့က ပုံဝိုးတိုက်နယ်ဘုန်းကြီးကျောင်း ရောက်ရှိလာတဲ့ ရာနှင့်ချီတဲ့ စစ်ဘေးရှောင် ကလေးတွေအတွက် အာဟာရမှုန့်နဲ့ အဝတ်အစားတွေ၊ ဒိုင်ဗာတွေ လိုအပ်နတယ်လို့ ရှမ်းအမျိုးသမီးဆက်သွယ်ဆောင်ရွက်ရေးအသင်းမှာ နန်းလှရီက ပြောပါတယ်။
“၃ လ၊ ၆ လ ကလေးတွေ အစာလည်း မစားနိုင်၊ နေထိုင်မကောင်းဖြစ်ပြီး ပိန်လှီနေကြတယ်။ ကျမ ထင်တယ်။ ကလေးတွေ ရာဂဏန်းရှိမယ်။ ဟိုနမ့်ဘုန်းကြီးကျောင်းမှာတော့ စစ်ဘေးရှောင်ကလေးများအတွက် အဝတ်အထည်များ လိုအပ်လျက်ရှိပြီး သောက်ရေသန့်တွေ အခက်အခဲရှိနေပါတယ်။ ရက်သား ကလေးမိခင်တွေဟာ သမံတလင်းတွေပေါ်မှာ ကော်ဇောအပါးခင်းပြီး နေရတဲ့အတွက် အဆင်မပြေကြဘူး။”
ဟဲကွီကျေးရွာက ကျန်းမာရေးဆရာမ နန်းခင်ထွေးက “ဟဲကွီဘုန်းကြီးကျောင်းမှာ ကလေးတွေ ယားနာဖြစ်နေသူတွေ၊ ဖျားနာတာတွေ၊ ဝမ်းပျက်နေတဲ့ ကလေးတွေလည်း ရှိနေလို့ ဆေးပေးနေရတယ်” လို့ ပြောပါတယ်။
တပ်မတော်နဲ့ RCSS ကြား တိုက်ပွဲတွေကြောင့် ပုံဝိုးတိုက်နယ်အတွင်းက ပြည်သူ ၃၀၀၀ လောက် ဘုန်းကြီးကျောင်း ၁၂ ကျောင်းမှာ ယာယီခိုလှုံနေကြပြီး ကိုယ်ဝန်ဆောင်သည် ၂၀ လောက်၊ မသန်စွမ်း ၅ ဦး၊ ရက်သား ကလေးမိခင်တွေလည်း ရှိနေပါတယ်။