ရခိုင်တွင် တရက်တည်း ကိုဗစ်လူနာ ၂ ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၉ ဦးရှိလာ
DVB
·
October 10, 2020
ရခိုင်ပြည်နယ်မှာ အောက်တိုဘာလ ၉ ရက်နေ့ တရက်တည်း ကိုဗစ်-၁၉ လူနာ ၂ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူစုစုပေါင်း ၉ ဦးအထိ ရှိလာပြီလို့ သိရပါတယ်။
ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က “မနေ့က မနက်ပိုင်းမှာ ကျောက်တော်ဆေးရုံက လွန်ခဲ့တဲ့ ၄ ရက်က စစ်တွေဆေးရုံကို လွှဲပေးခဲ့တာ။ သူ့မှာ ဆီးချိုရောဂါနဲ့ TB ရောဂါအခံရှိတယ်။ နဂိုကတည်းက သွေးအန်တဲ့အဆင့်ပေါ့နော်။ ကိုဗစ်ကတော့ positive လူနာဖြစ်နေတယ်။ နောက်တဦးကတော့ စစ်တပ်ဆေးရုံမှာ ဆုံးတာဖြစ်တယ်။ မနေ့က တစ်ရက်တည်း စစ်တွေမှာ ၂ ဦး ဆုံးတယ်။ တပြည်နယ်လုံး သေဆုံးမှုက ၉ ဦးအထိရှိသွားပြီ”လို့ DVB ကို ပြောပါတယ်။
စစ်တွေဆေးရုံမှာ တရက်တည်း သေဆုံးသွားသူ ၂ ဦးမှာ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာက တီဘီရောဂါအခံရှိသူ အသက် ၃၉ နှစ်အရွယ် အမျိုးသားတဦးနဲ့ အသက် ၂၃ အရွယ် ရဲတပ်သား ၁ ဦးဖြစ်တယ်လို့ ပြည်နယ်ကျန်းမာရေးဌာနက သိရပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်တွေဆေးရုံက ၆ ဦး၊ ပေါက်တောဆေးရုံက ၁ ဦး၊ ကျောက်တော်ဆေးရုံက ၁ ဦးနဲ့ စစ်တွေတပ်နယ် ဆေးရုံက ၁ ဦး၊ စုစုပေါင်း သေဆုံးသူ ၉ ဦး ရှိပြီလို့ သိရှိရပါတယ်။
မြန်မာတနိုင်ငံလုံးမှာတော့ အောက်တိုဘာလ ၉ ရက်နေ့ ည ၈ နာရီ သေဆုံးသူ ၅၆၆ ဦးအထိ ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။