ကျောက်မဲမြို့တွင် နေအိမ်တလုံးပေါ် လက်နက်ကြီးကျ၊ ၁ ဦး ဒဏ်ရာရ
DVB
·
October 10, 2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ မနေ့ညက လက်နက်ကြီးကျရောက်တာကြောင့် နေအိမ်တလုံး ပျက်စီးခဲ့ပြီး အမျိုးသမီး ၁ ဦး ခေါင်းမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ် ကျောက်မဲမြို့မှာ အောက်တိုဘာ ၉ ရက်နေ့ ည ၈ နာရီကျော်လောက်က တပ်မတော်နဲ့ အမည်မသိလက်နက်ကိုင်အဖွဲတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျွဲကုန်း ကျေးရွာအတွင်းရှိ နေအိမ် ၁ လုံးပေါ် လက်နက်ကြီး ကျရောက်ခဲ့တာလို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတဦးက ပြောပါတယ်။
ကျောက်မဲမြို့မိမြို့ဖတဦးကလည်း “ညက အမြှောက်တပ်ကို ည ၇ နာရီကျော်မှာ လက်နက်ကိုင်တဖွဲ့က လက်နက်ငယ်နဲ့ လာရောက်ပစ်ခတ်တာရှိလို့ အမြှောက်တပ်က ပြန်လည်ပစ်ခတ်တာ” လို့ ပြောပါတယ်။
ရှမ်းပြည်နယ်အတွင်းမှာ စက်တင်ဘာ ၃၀ ရက်နေ့ကနေ စတင်ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ RCSS တပ်ဖွဲ့ရဲ့ တိုက်ပွဲတွေကြောင့် ပုံဝိုးတိုက်နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၈ ရွာက ပြည်သူ ၂၆၀၀ ကျော် ကျောက်မဲမြို့နယ်၊ ပုံဝိုး၊ တောင်ထိပ်၊ ခန်ခိုင်း၊ ကောင်းခန်း၊ နားဆောင်းရွာတွေက ဘုန်းကြီးကျောင်း ၁၁ နေရာမှာ ယာယီခိုလှုံနေကြပါတယ်။