ရွာမပရိယတ္တိစာသင်တိုက်က သံဃာတော်အပါး ၃၅၀ နှင့် ကပ္ပိယ ၃ ဦး ရောဂါပျောက်ကင်း
DVB
·
October 10, 2020
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိစာသင်တိုက်က သံဃာတော်အပါး ၃၅၀ နဲ့ ကပ္ပိယ ၃ ဦး ကိုဗစ်-၁၉ ရောဂါပျောက်ကင်းလို့ အောက်တိုဘာ ၉ ရက်နေ့က ကျောင်းတိုက် ပြန်လည်ရောက်ရှိခဲ့တယ်လို့ စာချနာယကဆရာတော် အရှင်ပညာစက္ကက မိန့်ပါတယ်။
အဲ့ဒီသံဃာတော်တွေကို စာသင်တိုက်မှာ ကျန်ရှိခဲ့တဲ့ သံဃာတော်တွေနဲ့ ၂ ပတ်တာ သီးခြားခွဲထားဦးမှာဖြစ်ပြီး ဆရာဝန်တွေလည်း ထားရှိထားတယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့ကစပြီး အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိစာသင်တိုက်က သံဃာတော်တွေမှာ ကိုဗစ်-၁၉ ပိုး စတင်တွေ့ရှိခဲ့တာဖြစ်ပြီး မှော်ဘီမြို့နယ်မှာရှိတဲ့ တပ်မတော်ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်းရှိ ကုသရေးစင်တာမှာ စောင့်ကြည့်ကုသပေးနေတာပဲ ဖြစ်ပါတယ်။
အခုအခါမှာ သံဃာတော်အပါး ၃၅၀ ရောဂါပျောက်ကင်းသွားပြီး ကျန်ရှိနေသေးတဲ့ သံဃာတော် ၅၃ ပါးနဲ့ ကပ္ပိယ ၂ ဦးကို ဆက် လက်ကုသပေးနေတယ်လို့ သိရပါတယ်။
သတင်း - အိသဇင်ခိုင်၊ ဓာတ်ပုံ ရွာမပရိယတ္တိစာသင်တိုက်