လေဖိအားနည်းရပ်ဝန်း ၁၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ပိုမိုအားကောင်းလာနိုင်
DVB
·
October 10, 2020
ဒီနေ့မနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၁၂ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ မုန်တိုင်းငယ်(Depression) အဖြစ် ပိုမိုအားကောင်းလာနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ အရှေ့ အလယ်ပိုင်းတို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားနည်းနေပါတယ်။
ဒီနေ့ညနေအထိ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်၊ ရှမ်းနဲ့ ကယားပြည်နယ်တို့မှာ နေရာကွက်ကျား၊ ချင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကျဲကျဲ၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းနဲ့ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တနင်္သာရီတိုင်းမှာတော့ နေရာကွက် မိုးကြီးနိုင်တယ်၊ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါတယ်။
မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ကာ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ၈ ပေမှ ၁၁ ပေခန့်ရှိနိုင်ပါတယ်။ လေတိုက်နှုန်းက တစ်နာရီ ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါတယ်။
နောက် ၂ ရက်အတွင်းမှာလည်း တနင်္သာရီတိုင်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ မိုးပိုလာနိုင်ပါတယ်။
ဒီနေ့ညနေအထိ နေပြည်တော်၊ ရန်ကုန်မြို့ နဲ့ မန္တလေးမြို့တို့ရဲ့ အနီးတဝိုက်အတွက် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။