Homeမြန်မာသတင်း
ယင်းမာပင်တွင် ကိုဗစ်ထောက်ပံ့စာရင်း ကွာဟနေသဖြင့် အဂတိတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြား
ယင်းမာပင်တွင် ကိုဗစ်ထောက်ပံ့စာရင်း ကွာဟနေသဖြင့် အဂတိတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြား
DVB
·
October 10, 2020
ကိုဗစ်ထောက်ပံ့ငွေ ပြည်သူတွေဆီ အားလုံးမရောက်ဘဲ စာရင်းကွာဟနေတဲ့အပေါ် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ကြပ်ကျေးရွာအုပ်စုနဲ့ ကပိုင်ကျေးရွာအုပ်စု ဒေသခံတွေက ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ စာရေးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဆီ တိုင်ကြားထားတယ်လို့ သိရပါတယ်။
သက်ဆိုင်ရာက ရရှိတဲ့စာရင်းတွေမှာ ထောက်ပံ့ကြေးရရှိတဲ့လူဦးရေဟာ ၇၀၀ နီးပါရှိပြီး တကယ့်မြေပြင်မှာ ထောက်ပံ့ကြေးရရှိတဲ့စာရင်းက ၃၇၀ ကျော်ပဲရှိတယ်လို့ ကြပ်အုပ်စု ဝင်းကုန်းကျေးရွာမှ ကိုမျိုးမြင့်လှိုင်က ပြောပါတယ်။
“၃၀၀ ကျော် ကွာနေတဲ့အတွက် စာရင်းကိုဖြေရှင်းပေးဖို့ အုပ်ချုပ်ရေးရုံးကို သွားရောက်တောင်းဆိုခဲ့ပေမယ့် ဖြေရှင်းပေးခြင်းမရှိခဲ့ဘူး။ ယင်းမာပင်မြို့နယ် ထွေအုပ်ရုံးကို သွားရောက်တဲ့အခါ ထောက်ပံ့မှု ၄ ကြိမ်လုံး ကွာနေတာသိခဲ့ရတယ်။ အဲလိုကွာနေတာနဲ့ ပတ်သက်ပြီး မြို့နယ်ထွေအုပ်ကို တောင်းဆိုခဲ့သော်လည်း မင်းတို့အချင်းချင်း ပြေလည်အောင်ငြှိ ပိုတာကို ပြန်ပေးခိုင်းမယ်လို့ပြောတယ်။ ဒါပေမယ့် သူတို့အနေနဲ့ လုံးဝအရေးယူပါမယ် ဆောင်ရွက်ပေးမယ်ဆိုတဲ့စကားကို မပြောဆိုပါဘူး။ ဒါကြောင့်မို့ အဂတိကော်မရှင်အပါအဝင် သက်ဆိုင်အဆင့်ဆင့်ကို တိုင်တန်းထားတယ်။”
စာရင်းတွေ ကွာဟနေတာနဲ့ပတ်သက်လို့ သက်ဆိုင်ရာက ဖြေရှင်းမှုလုပ်စေချင်တယ်လို့ ကပိုင်ကျေးရွာအုပ်စု ကပိုင်ကျေးရွာက ကိုအောင်ဇော်က ပြောပါတယ်။
“ကျနော်တို့မြို့နယ်မှာ ဝေခြမ်းမှုလွဲမှားမှုတွေ ရှိနေပါတယ်။ ကပိုင်အုပ်စုအတွက် ၉၀၂ ဦးကျပြီး ၈၂၂ ဦးပဲ ဝေတယ်လို့ သိရတယ်။ လူဦးရေ ၈၀ လောက်ကွာဟနေတာ။”
စာရင်းတွေ ကွာဟနေတာနဲ့ပတ်သက်ပြီး ယင်းမာပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းအောင်ကို ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။
“ကပိုင်ကတော့ စာရင်းထပ်တာဗျ။ ၂ ရွက်ထပ်သွားတော့ ကွာဟချက်တွေ ဖြစ်သွားတယ်။ ကွာတဲ့ဥစ္စာကိုတော့ ကျနော်တို့ စာရင်းပြန်ကောက်ခိုင်းထားတယ်။ သတ်မှတ်ချက်နဲ့ညီတဲ့သူတွေကို ပေးဖို့ဆိုပြီး အုပ်ချုပ်ရေးမှူးတွေ စာရေးတို့ကို စိစစ်ပြီးတော့ ကျနော်တို့ဆီကို စာရင်းတင်ခိုင်းထားတယ်။ ကြပ်ကကျတော့ နောက်ဆုံးခေါက်ကျတော့ ထပ်တိုးတင်တာပေါ့ဗျာ။ ထပ်တိုးတင်တဲ့အခါ သူတို့က ခန့်မှန်းတင်လိုက်တော့ အောက်ခြေမှာ ငွေမလောက် ဖြစ်နေတဲ့အခါကျတော့ ထိန်းထားတဲ့သဘောပါ။ ဝေဖို့အတွက်ကို အမှန်တကယ် ဖြစ်သင့်ဖြစ်ထိုက်တဲ့သူတွေကို စိစစ်ပြီးဝေဖို့ စီစဥ်ခိုင်းထားတယ်” လို့ ပြောပါတယ်။
ဌေးလှိုင်