မုန်တိုင်းအန္တရာယ် ဂရုပြုကာကွယ်ကြရန် ဂျပန်ရောက်မြန်မာများကို သံရုံး သတိပေး
DVB
·
October 9, 2020
တိုင်ဖုန်းမုန်တိုင်းဝင်ရောက်ဖို့ရှိတာကြောင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအစီအမံတွေ ကြိုတင်ပြုလုပ်ထားကြဖို့ မြန်မာသံရုံးက သတိပေးချက် ထုတ်ပြန်ပါတယ်။
တိုင်ဖုန်းမုန်တိုင်းဟာ ဂျပန်နိုင်ငံကို အောက်တိုဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့ ဖြတ်သန်းဝင်ရောက်မယ်လို့ ဂျပန်မိုးလေဝက ခန့်မှန်းထားတာကြောင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ဂရုပြုကာကွယ်ထားကြဖို့ ဂျပန်နိုင်ငံ မြန်မာသံရုံးက အောက်တိုဘာ ၈ ရက်နေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
မုန်တိုင်းဟာ ဂျပန်နိုင်ငံတောင်ပိုင်းကို ဝင်ရောက်လာနေပြီး အောက်တိုဘာ ၈ ရက်နေ့က အိုကီနာဝါကျွန်းကို ဖြတ်သန်းပြီး နိုင်ငံအဝန်းမှာ မိုးသည်းထန်စွာရွာသွန်းဖို့ ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။
ဒါ့ကြောင့် ဂျပန်နိုင်ငံ တောင်ပိုင်း အလယ်ပိုင်းနဲ့ အနောက်ပိုင်းမှာ ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအစီအမံတွေ ကြိုတင်ပြုလုပ်ထားကြဖို့နဲ့ အာဏာပိုင်တွေရဲ့ညွှန်ကြားချက်တွေကို လိုက်နာဖို့ အသိပေးထုတ်ပြန်ထားတာပါ။
မုန်တိုင်းရဲ့ ဗဟိုချက်မှာ လေတိုက်နှုန်း ၁ နာရီကို ၁၂၆ ကီလိုမီတာထိ ရှိနိုင်ပြီး အားအပြင်းဆုံးအချိန်မှာ ၁၈၀ ကီလိုမီတာအထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားတာကြောင့် ဂျပန် မိုးလေဝသအေဂျင်စီက ထုတ်ပြန်တဲ့ ကြေညာချက်တွေကို အလေးထားလိုက်နာပြီး အရေးပေါ် အခက်အခဲ ကြုံတွေ့လာပါက မြန်မာသံရုံး အရေးပေါ် ၂၄ နာရီ ဖုန်းနံပါတ် 070-4413 -7383 ကို ဆက်သွယ်ကြဖို့ ဖော်ပြထားပါတယ်။
နွေလှိုင်း(YU)