ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ တောင်ကြီးမြို့၌ မဲဆွယ်စည်းရုံး
DVB
·
October 8, 2020
ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ)ပါတီဟာ အောက်တိုဘာ ၈ ရက် မနက်က ရှမ်းပြည်နယ် တောင်ကြီးမြို့ပေါ်မှာ အောင်နိုင်ရေးယာဉ်နဲ့ မြို့ကိုပတ်ပြီး ရွေးကောက်ပွဲအတွက် ပထမဆုံးအကြိမ် မဲဆွယ်စည်းရုံး လှည့်လည်ခဲ့ပါတယ်။
ပ.အ.မ.ဖ ပါတီဟာ လူငယ်တွေနဲ့ ထူထောင်ထားတဲ့အတွက် ကိုယ်စားလှယ် လောင်းအများစုလည်း လူငယ်တွေဖြစ်ပါတယ်။
ပ.အ.မ.ဖ ပါတီဟာ ပညာတတ်လူငယ်အများစုနဲ့ တောင်ကြီး ၊ ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံး၊ ရပ်စောက်၊ ညောင်ရွှေနဲ့ မောက်မယ်မြို့နယ် တွေမှာ ဝင်ရောက်ယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်။
မဲဆွယ်စည်းရုံးရေးကာလမှာ ကိုဗစ်-၁၉ ရောဂါကြောင့် ရွာတွေစည်းရုံးရေးဆင်းရတာခက်သလို သတ်မှတ်ထားတဲ့ ကျန်းမာရေးစည်းကမ်းချက်နဲ့အညီ ဆောင်ရွက်ရတာမို့အခက်ခဲရှိနေတယ်လို့ တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နန်းဟွမ်ဗဲ့က ပြောပါတယ်။
ပ.အ.မ.ဖ ပါတီအနေနဲ့ အမျိုးသားလွှတ်တော် (၂)နေရာ၊ ပြည်သူ့လွှတ်တော် (၅)နေရာ၊ ပြည်နယ်လွှတ်တော် (၁၀)နေရာ ဝင်ရောက်ယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်။
ပ.အ.မ.ဖ ပါတီဟာ ၁၉၅၀ ခုနှစ်ကစတင် တည်ထောင်ပြီး ဥပဒေ ဘောင်အတွင်း နိုင်ငံရေး ပါတီအနေနဲ့ လှုပ်ရှားလာခဲ့ပြီး ကြားထဲမှာ မျိုးဆက်လူငယ်တွေခါးဆက်ပြတ်ခဲ့တဲ့အတွက် ၂၀၁၃ ခုနှစ်မှာ လူငယ်တွေက ပြန်လည်မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင် လာကြတာဖြစ်ပါတယ်။
သတင်း- ခွန်ရာဇာ