ပူတာအိုခရိုင်၌ မဲဆန္ဒရှင် ၆၀,၀၀၀ ကျော်ရှိပြီး ၂၀၁၅ ရွေးကောက်ပွဲထက်ပိုများလာ
DVB
·
October 8, 2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်မှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အရေအတွက်ဟာ စက်တင်ဘာလအတွင်း စိစစ်ထားတဲ့ စာရင်းအရ စုစုပေါင်း ၆၀, ၂၅၆ ဦးရှိတယ်လို့ ပူတာအိုခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးထမ်းတန်ဖီရမ်က ပြောပါတယ်။
၂၀၁၅ ရွေးကောက်ပွဲတုန်းကထက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အရေအတွက် ပိုတိုးတာတဲ့အကြောင်းနဲ့ ပူတာအိုခရိုင်မှာ မဲရုံစုစုပေါင်း ၁၃၈ ရုံ ဖွင့်လှစ်ဖို့ ပြင်ဆင်ထားတည်လို့လည်းပြောပါတယ်။
"မဲရုံ စုစုပေါင်း ၁၃၈ ရုံ ပြင်ဆင်ထားတယ်။ ပြီးတော့ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်ပေါင်းက ၉၁ ဦး ရှိပါတယ်။ ပါတီအနေနဲ့က ၁၀ ပါတီ အမည်စာရင်းတင်သွင်းထားပေမဲ့ တစ်ပါတီက ယှဉ်ပြိင်ခြင်းမရှိဘူး။ နောက်တစ်ပါတီကလည်း ပြည်နယ်မှာပြိုင်ပေမဲ့ ကျနော်တို့ဆီမှာ မှတ်ပုံတင်ထားခြင်းမရှိပါဘူး၊ ဒါကြောင့် မှတ်ပုံတင်ထားတဲ့ ၈ ပါတီက ပူတာအိုခရိုင်မှာ ယှဉ်ပြိုင်ဖို့ရှိတယ်”လို့ ပူတာအိုခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးထမ်းတန်ဖီရမ်က ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကာလမှ စည်းရုံးရေးလုပ်နေတဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ မိဘပြည်သူတွေအနေနဲ့ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့က ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်ပေးဖို့ အထူးမှာကြားထားပြီး မြေပြင်မှာလည်း လိုက်နာဆောင်ရွက်နေကြတယ်လို့ ဦးဖီရမ်က ပြောပါတယ်။
ပူတာအိုခရိုင်မှာ စက်တင်ဘာလအတွင်း ကိုယ်စားလှယ်လောင်းတွေ အချင်းချင်းကြားမှာ မဲဆွယ်စည်းရုံးရင်း ပုတ်ခတ်မှုနဲ့ တိုင်ကြားမှုတွေရှိခဲ့ပေမဲ့ အပြန်လှန် တောင်းပန်ခဲ့ကြလို့ နှစ်ဘက် သဘောတူညီမှုရရှိခဲ့ပါတယ်။
သတင်း- ဖေနောင်းအောင်(ပူတာအို)