ကချင်ပြည်နယ်၊ ပူတာအိုင်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်သန်းတိုးဟာ ခရိုင်ပြည်သူ့အားကစားကွင်းအတွင်းမှာ မူးယစ်ဆေး၀ါး ရောင်းဝယ်သုံးစွဲ၊ အရက်ဘီယာစားသောက်ဆိုင်ဖွင့်ထားတာနဲ့ ပတ်သက်ပြီး ပြည်နယ်အဆင့်ကနေ နို၀င်ဘာ ၁ ရက်မှာ စစ်ဆေးနေပါတယ်။
ပူတာအိုခရိုင်အာကာမှူးဟာ ပြည်သူ့အားကစားကွင်းအတွင်းမှာ မူးယစ်ဆေးတွေရောင်း၀ယ် သုံးစွဲတဲ့အပြင် လောင်းကစားသမားတွေနဲ့ ပူးပေါင်းပြီး လောင်းကြေးဖွင့်ကာ လောင်းကစားလုပ်နေတယ်လို့လည်း အားကာမှူးနဲ့ နီးစပ်သူက ပြောပါတယ်။
“သူ့ကို ဖမ်းတာတော့မဟုတ်သေးဘူး၊ ပြည်နယ်အဆင့်ကနေလာပြီး စစ်ဆေးနေတာပါ။ ပြည်သူ့အားကစားကွင်းမှာ မူးယစ်ဆေးတွေကင်းစင်ရမယ့် အစား သူကိုယ်တိုင် အားကစားကွင်းထဲမှာ ဘီယာတွေလိုက်ရောင်းတယ်။ ပြီးတော့ လောင်းကစားလုပ်တယ်။ ဒါကြောင့် အစစ်ဆေးခံရတာပါ။”
ဦးခိုင်သန်းတိုးက အားကစားတာ၀န်ရှိသူတဦးအနေနဲ့ ပူတာအိုပြည်သူ့အားကစားကွင်းမှာ မရှိသင့်တဲ့သူဖြစ်လို့ ဒေသခံလူကြီးတွေက အားကာအဖွဲ့ချုပ်ကို တိုင်ကြားခဲ့တာလို့ သူ့ရဲ့ မိတ်ဆွေတဦးက ပြောပါတယ်။
“သူ့သက်တမ်းမှာက ကောင်းတာတခုမှမရှိဘူး။ ဦးခိုင်သန်းတိုးက ဘောလုံးပွဲလုပ်ရင်လည်း လာဘ်ပေး လာဘ်ယူတာ၊ ဒိုင်တွေကို လာဘ်ထိုးတာတွေလုပ်တယ်။ သူက ဘောလုံးပွဲကို ကြေးဖွင့်တယ်။ အဆိုးဆုံးက လူမြင်ကွင်းမှာ လောင်းကစားပေါ်တင်လုပ်တာပဲ။”
ဦးခိုင်သန်းတိုးအပေါ် အခုလို စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ကာယကံရှင်ဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။
ပူတာအိုခရိုင်ပြည်သူ့အားကစားကွင်းဟာ ပူတာအိုလူငယ်တွေကို အားကစားပညာနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကကျတဲ့နေရာဖြစ်လို့ ဦးခိုင်သန်းတိုးကို အလိုမရှိဘူးလို့ ပူတာအိုဒေသခံ ရပ်မိရပ်ဖတဦးက ပြောပါတယ်။