Home
မြန်မာသတင်း
ကိုဗစ်စည်းကမ်းများကြောင့် SNLD ပါတီ မဲဆွယ်စည်းရုံးရေး အခက်အခဲရှိနေ
DVB
·
October 7, 2020
120757987_635604583680243_3765987850078782726_n
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီအနေနဲ့. ကိုဗစ်-၁၉ ကပ်ဘေး ကာလမှာ မဲဆွယ်စည်းရုံးရေးပြုလုပ်ရာမှာ ထုတ်ထားတဲ့ စည်းကမ်းချက်တွေကြောင့် အခက်ခဲတွေ ရှိနေတယ်လို့  ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ခေါင်းဆောင် ဦးစိုင်းအောင်သန်းက ပြောပါတယ်။ လတ်တလော ပါတီ ကိုယ်စားလှယ်လောင်းတွေ  ရှမ်းရွာတွေကို ဦးစားပေးမဲဆွယ်သွားရောက်နေတာဖြစ်ပြီး မဲဆွယ်တဲ့အခါ ရွေးကောက်ပွဲ ကျော်မရှင်က သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်းလိုက်နာပြီး  အဓိကအနေနဲ့ Door to Door ပုံစံနဲ့ပဲ  လုပ်ဆောင်နေရတယ်လို့ ဆိုပါတယ်။ မန္တလေးလမ်းကရှမ်းရွာတွေ၊ ချောင်းကြီးဘက်သွားတဲ့ ရှမ်းရွာတွေနဲ့ မိုင်းလုံလမ်းက ရှမ်းရွာတွေမှာ လက်ကမ်းစာစောင်တွေဝေပြီး မဲဆွယ်နေတာ ဖြစ်ပြီး  လူစုလူဝေးမဖြစ်စေရဆိုတဲ့အတွက် ဟောပြောစည်းရုံးရတဲ့နေရာမှာလည်း အခက်ခဲဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ထားတဲ့ စည်းကမ်းချက်အတိုင်း နှာခေါင်းစည်း mask တပ်၊ လက်ဆေး ၊ လူစုလူဝေးရှောင်ပြီး လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု မြင့်တက်နေချိန်ဖြစ်လို့ နိုင်ငံတဝန်းမှာ လူ ၃၀ ထက်ပိုစုဝေးခြင်းမပြုဖို့နဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာမှာ လူ ၅၀ ထက်မပိုစေဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အမိန့် ထုတ်ပြန်ထားပါတယ်။  ဦးခွန်ထွန်းဦး ခေါင်းဆောင်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီအနေနဲ့ ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ  ကိုယ်စားလှယ်လောင်း  ၁၃၂ ဦး ပါဝင်ယှဉ်ပြိုင် အရွေးခံဖို့ရှိတယ်လို့ ပါတီက ထုတ်ပြန် ကြေညာထားပါတယ်။ ပါတီကိုယ်စားလှယ်လောင်းတွေဟာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း ၄၅ မြို့နယ်ထဲက တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၃ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်သူ့လွှတ်တော် ၃၈ နေရာ၊ ပြည်နယ်လွှတ်တော် ၇၉ နေရာမှာ ဝင်ပြိုင်ကြမယ်လို့ SNLD ပါတီက ထုတ်ပြန်ထားပါတယ်။  သတင်း - ဟန်နာထက်အောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024