သပိတ်ကျင်းမြို့နယ်၌ ထော်လာဂျီယာဉ်တိမ်းမှောက်ပြီး လူအချို့ ဒဏ်ရာရ
DVB
·
October 6, 2020
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ် ပေါ်တော်မူ ကျေးရွာအနီးမှာ အောက်တိုဘာ ၅ ရက် မွန်းလွဲ ၂ နာရီလောက်က ထော်လာဂျီယာဉ်တစ်စီးတိမ်းမှောက်လို့ လူ ၁၆ ဦးလောက် ဒဏ်ရာရသွားပါတယ်။
ကြာညှပ်ကျေးရွာဘက်ကနေ တကောင်းမြို့ဘက်သို့ လာရောက်တဲ့ အန်အယ်လ်ဒီပါတီ ထောက်ခံဝန်းရံသူတွေရဲ့ယာဉ်တန်းတွေထဲက နောက်ဆုံးမှ လိုက်ပါလာတဲ့ ပုစဉ်းခေါင်း ထော်လာဂျီယာဉ်ဟာ ဆိုင်ကယ်တစ်စီးကို ရှောင်ရာကနေ တိမ်းမှောက်ခဲ့တာဖြစ်ပြီး ကားပေါ်ပါ ၂၈ ဦးထဲက ၁၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တာပါ။
ဒဏ်ရာရသူတွေအထဲက ၆ ဦးဟာ ဒဏ်ရာပြင်းထန်တာကြောင့် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ လွှဲပြောင်းထားရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ သပိတ်ကျင်းမြို့နယ် အတွင်းရေးမှူး ဒေါ်နန်းအိအိစံက "ပြည်သူတွေကထွက်တာ၊ အစ်မတို့ မြို့နယ်အောင်နိုင်ရေးလည်း မဟုတ်ဘူး၊ ကိုယ်စားလှယ်လည်း မဟုတ်ဘူး။ ပြည်သူထွက်တာကို၊ ယာဉ်က မဆင်မခြင်မောင်းလို့ ဖြစ်တာလည်း မဟုတ်ဘူး။ ရှေ့က ဆိုင်ကယ်တစ်စီးက လက်မောင်းမှာ ကြယ်တက်တူးပါတဲ့ လူ တစ်ယောက်က သူကရှေ့ကနေပြီးတော့မှ ရမ်းရမ်းကားကား ဆိုင်ကယ်စီးလာတာကို တိမ်းလိုက်တဲ့ အတွက် ဇက်ခေါက်ပြီးဖြစ်သွားတာ" လို့ ပြောပါတယ်။
ထော်လာဂျီ ယာဉ်ရှေ့ကနေ မောင်းလာတဲ့ ဆိုင်ကယ်တစ်စီးကို တိမ်းရှောင်ရာက တိမ်းမှောက်ခဲ့တာပြီး ဆိုင်ကယ်မောင်းသူမှာ လက်ဖျံမှာ တက်တူးပါရှိပြီး အဖြူရောင်အင်္ကျီနောက်ကျောမှာ အနီရောင် ကြယ်ပုံပါတဲ့ အင်္ကျီကို ဝတ်ဆင်ထားကြောင်း၊ အဆိုပါလူကို စုံစမ်းနေကြောင်း သပိတ်ကျင်းမြို့နယ် အန်အယ်လ်ဒီပါတီ တာဝန်ရှိသူတွေ ထံက သိရပါတယ်။
ဒေါ်နန်းအိအိစံက "ဖြစ်စဉ်ကို မေးလိုက်တဲ့အခါကျတော့ ပေါ်တော်မူနားက လူတွေကလည်း အစ်မတို့သွားတော့ ပြောပြတယ်။ ဆိုင်ကယ်တစ်စီးက ရမ်းကားပြီးတော့ လေးငါးပတ် ပတ်လာတာတဲ့၊ မြွေလိမ်မြွေကောက် ပတ်လာပြီးတော့ သူက ရန်ရှာတဲ့ပုံစံမျိုး လုပ်လာတာတဲ့၊ သူ့ရဲ့လက်ဖျံမှာ တက်တူးပါတယ်တဲ့၊ အဲ့ဒါအကုန်လုံး လိုက်နေကြတာ၊ အဲ့ဒါကိုရှောင်လိုက်လို့မို့ ဇက်ခေါက်ပြီးတော့ မှောက်တာ" လို့ပြောပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေးကာလ သတ်မှတ်ထားတဲ့စည်းကမ်းအရ လူဦးရေ အကန့်အသတ်နဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး ပြုလုပ်နေတာကြောင့် လိုက်ပါခွင့်မရတဲ့ ဝန်းရံ ပြည်သူတွေက သူတို့ အစီအစဉ်နဲ့ အောင်နိုင်ရေးအဖွဲ့ထံ ပူးပေါင်းဖို့ လာရောက်စဉ် အခုကဲ့သို့ ဖြစ်ပွားခဲ့တာလို့ လည်း ဆိုပါတယ်။
ပါတီအောင်နိုင်ရေးကို ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားတဲ့ စည်းကမ်းတွေနဲ့အညီ သတ်မှတ်လူဦးရေနဲ့ ဆက်လက်ဆောင်ရွက်မယ်လို့လည်း မြို့နယ်ပါတီ တာဝန်ရှိသူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု မြင့်တက်နေချိန်ဖြစ်လို့ နိုင်ငံတဝန်းမှာ လူ ၃၀ ထက်ပိုစုဝေးခြင်းမပြုဖို့နဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာမှာ လူ ၅၀ ထက်မပိုစေဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အမိန့် ထုတ်ပြန်ထားပါတယ်။
ပါတီဝန်းရံထောက်ခံသူတွေအနေနဲ့ ယာဉ်အမျိုးမျိုးနဲ့ စုဝေးလှည့်လည် အင်အားပြတာတွေကို ယာယီဆိုင်းငံ့ထားကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုကလည်း ပန်ကြားချက် ထုတ်ပြန်ထားပါတယ်။
သတင်း - ထိန်ထိန်လင်း၊ ဓာတ်ပုံ-ဆန်းမျိုး