ဆေးရုံအချို့တွင် ခုတင်မလောက်ခဲ့သည့်ကိစ္စ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တောင်းပန်
DVB
·
October 6, 2020
ကိုဗစ်-၁၉ ရောဂါလူနာတွေအတွက် တချို့ဆေးရုံတွေမှာ ခုတင်မလောက်ခဲ့တဲ့အပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တောင်းပန်လိုက်ပြီး နေရာလုံလုံလောက်လောက်ရှိအောင် စီစဉ်နေတယ်လို့ ပြောပါတယ်။
ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၅ ရက်ညက နိုင်ငံပိုင် ရုပ်သံကနေ ပြည်သူသို့ အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ပြောသွားတာပါ။
“အရေးကြီးတာကတော့ ရောဂါလက္ခဏာပြတာနဲ့ သက်ဆိုင်ရာကျန်းမာရေး ဌာနကိုသွားဖို့ပါ။ တချို့က သွားတယ်ပေါ့။ ဆေးရုံတွေကို သွားတဲ့အခါကျတော့ ခုတင်တွေတောင်မှ နေရာမရှိဘူးလို့ ဆိုကြပါတယ်။ ဒါလည်းတချို့နေရာတွေမှာ ဖြစ်တယ်ဆိုတာ မှန်ပါတယ်။ အဲဒီအတွက်လည်း ကျမတောင်းပန်ပါတယ်။ ဒါပေမဲ့ အခုဆိုရင် ဆေးရုံတွေလည်း လုံလုံလောက်လောက်ရှိအောင် ကိုဗစ် ရောဂါကိုကုသဖို့ တခြားဌာနတွေလည်း၊ ကျန်းမာရေးဝန်ကြီးဌာနကနေ ထူထောင်ထားတဲ့ဌာနတွေမှာလည်း၊ နေရာလုံလုံလောက်လောက်ရှိအောင် ကျမတို့ စီစဉ်နေပါတယ်။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
လူစုလူဝေးမသွားကြဖို့၊ အပြင်သွားရင် နှာခေါင်းစည်းတပ်ကြဖို့လည်း သူက ထပ်ပြီး တိုက်တွန်း သတိပေးလိုက်ပြီး အပြင်ထွက်လို့ Mask မတပ်သူတွေ ဒဏ်ကြေးပေးရမယ်လို့လည်း ပြောပါတယ်။
“mask တွေကို အထူးသဖြင့် ရန်ကုန်တိုင်းမှာပေါ့။ ရန်ကုန်တိုင်းမှာတော့ ရောဂါပိုး ပြန့်ပွားမှုဟာ များတဲ့တနေရာဖြစ်နေတယ်။ အဲဒီမှာ mask တွေမတပ်ဘဲ ဈေးတွေမှာ သွားတာ များလွန်းလို့၊ လူစုလူဝေးရှိတဲ့နေရာတွေ များလွန်းလို့ အခုဆိုရင် ငွေဒဏ်ရိုက်ဖို့ဆိုပြီး ဆုံးဖြတ်ပါတယ်။ အဲဒီတော့ mask မတပ်ဘဲ ဈေးတွေ၊ လူစုလူဝေးရှိတဲ့နေရာတွေ သွားတဲ့သူတွေကို mask တပ်ရမယ့်နေရာ၊ တပ်ပါဆိုပြီး ကျန်းမာရေးဝန်ကြီးဌာနကနေပြီး စည်းကမ်းချက် ထုတ်ထားတဲ့နေရာတွေမှာ mask မတပ်ရင် အခုဆိုရင် စပြီး ငွေဒဏ်ရိုက်မှာ ဖြစ်ပါတယ်။ မများပါဘူး။ ၂၀၀ လို့ သတ်မှတ်ထားပါတယ်။ ၂၀၀ ထဲမှာ ဒဏ်ရိုက်တာက ၁၅၀၊ mask ဖိုးက ၅၀ ပါ။ mask တခုလည်း ပေးပါမယ်” လို့ ပြောပါတယ်။
ဒီနှစ်ကုန်လောက်ဆိုရင် စပြီးသုံးနိုင်တဲ့ ကာကွယ်ဆေး ပေါ်လာနိုင်ပြီလို့ ခန့်မှန်းကြကြောင်း ဒီအတွက် ကာကွယ်ဆေးထုတ်မယ့်နိုင်ငံတွေနဲ့ မိတ်ဆွေနိုင်ငံတွေကို ချဉ်းကပ်ထားတယ်လို့လည်း ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ ဝိုင်းဝန်းကူညီကြတဲ့ ပြည်သူ၊ ပြည်သားတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ် တစ်ဦးချင်း တစ်ဦးချင်း၊ တတ်နိုင်တဲ့နည်းနဲ့ ပြည်တွင်းကရော၊ ပြည်ပကရော ကူညီတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ အများဆုံးကူညီတဲ့ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေရဲ့ အမည်စာရင်းတွေကို နိုင်ငံပိုင်သတင်းစာတွေမှာထည့်ကြေညာပြီး ကျေးဇူးတင်ကြောင်း ပြောမှာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဓာတ်ပုံ- State Counsellor