ကျောက်မဲမြို့နယ်၌ တိုက်ပွဲဖြစ်ပွားပြီး ရွာသား ၁ ဦး လက်နက်ကျည်စထိမှန်
DVB
·
October 5, 2020
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ အောက်တိုဘာ ၄ ရက် ညနေပိုင်းက တိုက်ပွဲဖြစ်ပွားတဲ့အတွက် ခန့်ခဲရွာ လူနေအိမ်ပေါ်ကို လက်နက်ကြီးကျရောက်ပြီး အသက် ၄၅ နှစ် အရွယ်အရပ်သား တစ်ဦး လက်နက်စ ထိမှန်ဒဏ်ရာရသွားပါတယ်။
ခန့်ခဲရွာသား ဦးကြာအေးဟာ တိုက်ပွဲဖြစ်ချိန် အိမ်ပေါ်တက်ပြီး ဘုရားစင်နားက ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်ရာ လက်နက်ကြီးက အိမ်ပေါ်ကျလာပြီး လက်နက်ကြီးရဲ့ အစအနတွေ ထိမှန်သွားတာလို့ ကျောက်မဲမြို့မှ စေတနာဝန်ထမ်း ကိုသားဇော်က ဒီဗွီဘီကို ပြောပါတယ်။
လူနာကို ခန့်ခဲရွာမှ ပုံဟိုးတိုက်နယ်ဆေးရုံ၊ ပုံဟိုးတိုက်နယ်ဆေးရုံမှတဆင့် ကျောက်မဲဆေးရုံ ကိုပို့ဆောင်ခဲ့ရာမှာ အောက်တိုဘာ ၄ ရက် ည ၉ နာရီခွဲ အချိန်မှာ ဆေးရုံကို ရောက်ရှိပါတယ်။
လက်ရှိမှာ ပုံဟိုး၊ ဟဲကွီ၊ တောင်ထိပ် ဒေသဝန်းကျင် ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင် ၅၀၀ လောက် ရောက်ရှိနေပြီး ဒေသခံတွေရဲ့ပြောပြချက်အရ တပ်မတော်နဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ကြောင်း သိရပါတယ်။
ကျောက်မဲမြို့နယ် အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း နေရာ တချို့နေရာမှာ စက်တင်ဘာလက စတင်ပြီး မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။
သတင်း - Pra Jaw