ပခုက္ကူမြို့အဝင်ဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် ၂၄ နာရီ စောင့်ကြည့်စစ်ဆေးနေ
DVB
·
October 5, 2020
ပခုက္ကူမြို့မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ဖို့အတွက် မြို့အတွင်းကို ၀င်ရောက်နိုင်တဲ့ ဂိတ် ၄ ဂိတ်ကို ၂၄ နာရီ စောင့်ကြည့်စစ်ဆေးနေရာမှာ ခိုးပြန်လာသူ ၁၀၀ လောက် စစ်ဆေးတွေ့ရှိတယ်လို့ ပခုက္ကူမြို့နယ် ကိုဗစ်-၁၉ တုံ့ပြန်ကာကွယ်ရေးရှေ့ပြေးအဖွဲ့က သိရပါတယ်။
ပခုက္ကူမြို့ဟာ ရောဂါပိုးကူးစက်ခံရသူ အများအပြားရှိနေတဲ့ မြင်းခြံမြို့နဲ့ ထိစပ်နေပြီး ကိုဗစ်-၁၉ ပိုးတွေ့ရှိတဲ့ဒေသတွေကနေ တိုင်းကျော်နယ်ကျော် သွားလာခွင့်မရှိဘဲ ခိုးပြီးပြန်လာတဲ့သူတွေကို အဓိက စစ်ဆေးနေတယ်လို့ သိရပါတယ်။
ပခုက္ကူမြို့နယ် ကိုဗစ်-၁၉ တုံ့ပြန်ကာကွယ်ရေးရှေ့ပြေးအဖွဲ့ တာဝန်ခံ ဦးထွန်းအောင်လင်းက “အကုန်လုံး စုပေါင်းပြီးတော့ ဂိတ် ၄ ဂိတ်မှာ အားလုံး ပိတ်ထားတယ်။ ပိတ်ပြီးတော့ ကျန်းမာရေးနဲ့ပတ်သက်လို့ စစ်ဆေးနေတာမျိုးတွေ ရှိတယ်ဆိုတော့ ပခုက္ကူအနေနဲ့ကတော့ အားလုံး save ဖြစ်ပါတယ်။ အဆင်ပြေပါတယ်။ ဆောင်ရွက်တာ ဘာအခက်အခဲရှိနေတာလဲဆိုရင် တက္ကစီနဲ့ ခိုးပြန်လာတာမျိုးတွေတို့၊ ဆိုင်ကယ်ကယ်ရီငှားပြီးတော့ ပြန်လာတာမျိုးတွေရှိတယ်။ အဓိကကတော့ ဂိတ်တွေမှာ ကြည်ကြည်ဖြူဖြူ အစစ်မခံဘဲနဲ့ တာဝန်ဝတ္တရားနှောင့်ယှက်ပြီးတော့ ဟိုတလောကဆို ဖြစ်သွားတယ်လေ။ တိုင်းကျော်ပြီးပြန်လာတယ်။ ဒါပေမဲ့ ဒီဂိတ်မှာ ငါက ပခုက္ကူသားကွ၊ မင်းတို့က ဘာလို့စစ်တာလဲ၊ မင်းတို့ဘာဖြစ်ချင်လဲ၊ ကြိုက်တဲ့အမှုနဲ့စွဲလို့ရတယ် ဘာညာဆိုပြီး ဖြစ်သွားသေးတယ်” လို့ ပြောပါတယ်။
ပခုက္ကူမြို့အဝင် ဂိတ် ၄ ခုကို လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ ပရဟိတလူမှုရေးအဖွဲ့တွေက ကိုဗစ် ဒုတိယလှိုင်းမှာ စက်တင်ဘာ ၈ ရက်က စတင်ပြီး ၂၄ နာရီ စောင့်ကြည့် စစ်ဆေးနေတာ ဖြစ်ပါတယ်။
ပခုက္ကူ ကယ်ရီမောင် လူမှုကူညီရေးအသင်းရဲ့ အသင်းဥက္ကဋ္ဌ ဦးအောင်ကြီးက “ကျနော်တို့ သေချာစစ်ဆေးနေကြပါတယ်။ စစ်ဆေးခံတဲ့နေရာမှာ ကျန်းမာရေး ထောက်ခံစာပါရမယ်။ ဘယ်နယ်ရယ်လို့တော့မဟုတ်ဘူးပေါ့။ အဓိကကတော့ ရန်ကုန် မြင်းခြံ ပိုးတွေ့တဲ့နေရာတွေက ဆိုရင် ပိုသတိထားရတာပေါ့လေ။ တကယ်လို့ ဒီရောဂါဆိုတာက ကိုယ်တယောက်တည်းတင် မဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်မိသားစုအတွက် တစ်ယောက်ကစ ၁၀၀ ဆိုတာ ဖြစ်နိုင်တာမို့လို့ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်မှာရောဂါပိုးရယ်လို့ရှိလာပြီဆိုရင် တန်းပြီးတော့ Q ၀င်ကြပါလို့ မေတ္တာရပ်ခံတာပါ”လို့ ပြောပါတယ်။
ပခုက္ကူမြို့မှာ အောက်တိုဘာ ၄ ရက်က ကိုဗစ်-၁၉ ပိုးတွေ့သူ ၁၆ ဦးတွေ့ခဲ့ပြီး အရင်တွေ့ရှိသူနဲ့ ပါဆိုရင် စုစုပေါင်း ၆၇ ဦးအထိရှိလာပြီဖြစ်ပါတယ်။
သတင်း - ခင်ပြည့်စုံဝင်း၊ ဓာတ်ပုံ - ဦးအောင်ကြီး