Home
မြန်မာသတင်း
ရုရှားအပါအဝင် ၁၀ နိုင်ငံတွင် ပြည်ပရောက်မြန်မာများ ကြိုတင်မဲပေး
DVB
·
October 5, 2020
120809794_1586938334839789_8522098695184883178_o
120803598_1586938984839724_141416269137564313_o
120557159_1586937768173179_5895448056255194486_o
120723491_1586938194839803_3438678487582917731_o
120421905_1586937908173165_2498836382559261243_o
၂၀၂၀ ရွေးကောက်ပွဲအတွက် မြန်မာသံရုံး ၉ ရုံးနဲ့  မြန်မာကောင်စစ်ဝန်ချုပ်ရုံး ၁ ရုံး စုစုပေါင်း ၁၀ ရုံးမှာ  အောက်တိုဘာ ၄ ရက်နေ့က ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသား ၅၈၀၀ ကျော် ကြိုတင်ဆန္ဒမဲပေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ ဗီယက်နမ်နိုင်ငံ၊ အက်စဝါတီနီနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့  ဟောင်ကောင်ရှိ မြန်မာနိုင်ငံသားတွေ မနေ့က ကြိုတင်ဆန္ဒမဲစတင်ပေးကြပြီး ဘရူနိုင်း၊ ရုရှား၊ ထိုင်း၊ ကိုရီးယား၊ စင်ကာပူနဲ့ ဂျပန်နိုင်ငံတွေမှာတော့   ကြိုတင်ဆန္ဒမဲတွေ  ဆက်လက်ပေးနေကြပါတယ်။ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ မြန်မာသံရုံးမှာ  မြန်မာနိုင်ငံသားအယောက် ၇၀၊ ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ၈၇ ယောက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ မြန်မာသံရုံးမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသား ၂၉ ယောက်အနက်  ၂၇ ယောက် လာရောက်မဲပေးခဲ့တယ်လို့ ဆိုပါတယ်။ တောင်အာဖရိကဒေသရှိ အက်စဝါတီနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်ဆန္ဒမဲပေးခွင့်ရရှိဖို့အတွက် မြန်မာသံရုံး၊ ပရီတိုးရီးယားမြို့က အက်စဝါတီနီနိုင်ငံ မာစာဖာ မြို့မှာ  မဲရုံခွဲဖွင့်လှစ်ပေးခဲ့ရာမှ မဲပေးခွင့်ရရှိသူ မြန်မာနိုင်ငံသား  ၂၆ ယောက်အနက် ၁၇ ယောက် လာရောက် မဲပေးခဲ့တယ်လို့ သိရပါတယ်။ အလားတူ ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံးမှာ မနေ့က မဲဆန္ဒရှင်  ၁၅၇၀ ဦး၊ စင်ကာပူ  မြန်မာသံရုံးမှာ ၁၈၀၀ ဦး၊ တောင်ကိုရီးယား ဆိုးလ်မြို့  မြန်မာသံရုံးမှာ ၁၀၀၉ ဦး၊ ရုရှားနိုင်ငံ မော်စကိုမြို့ မြန်မာသံရုံးမှာ ၅၀ ဦး၊ ဘရူနိုင်းနိုင်ငံ  ဘန်ဒါဆရီဘီဂါဝန်မြို့ မြန်မာသံရုံးမှာ  ၁၃၆ ဦးနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးမှာ မဲဆန္ဒရှင် ၁၀၄၅ ဦး အသီးသီးလာရောက်မဲပေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေအသီးသီးမှာ ရောက်နေတဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသားတွေ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးနိုင်ဖို့  သက်ဆိုင်ရာနိုင်ငံတွေအလိုက် မြန်မာသံရုံးအသီးသီးက ပြီးခဲ့တဲ့သီတင်းပတ်ကစပြီး ရက်အလိုက် မဲရုံတွေ ဖွင့်လှစ်ကျင်းပပေးနေတာ ဖြစ်ပါတယ်။ ပြည်ပရောက်မြန်မာတွေ ကြိုတင်မဲပေးရာမှာ မဲစာရင်းမှာ အမည်မပါလို့ မဲပေးခွင့် မရသူတချို့ရှိသလို တောင်ကိုရီးယားနိုင်ငံမှာလည်း မဲဆန္ဒရှင်တွေကို မဲပေးရာမှာ အခက်အခဲတချို့နဲ့ ကြုံတွေ့ခဲ့ရပါတယ်။  ကမ္ဘာတဝန်းမှာ မြန်မာသံရုံးနဲ့ ကောင်စစ်ဝန်ရုံးရှိတဲ့ မြို့ပေါင်း ၄၀ ကျော်ရှိရာမှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက ပြည်ပရောက် မြန်မာမဲဆန္ဒရှင်တွေ ကြိုတင်မဲပေးခဲ့ကြတဲ့ စုစုပေါင်း အရေအတွက်  ၃၀၀၀၀ လောက်ရှိပါတယ်။ အခု ၂၀၂၀ ရွေးကောက်ပွဲမှာတော့  ပြည်ပမှာ ကြိုတင် ဆန္ဒမဲပေးဖို့  စာရင်းပေးထားသူပေါင်း ၁ သိန်းကျော် ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောထားပါတယ်။  ဓာတ်ပုံ- MOFA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024