မကွေးတိုင်း Quarantine စင်တာများတွင် ကြိုတင်မဲပေးနိုင်ရန် စီစဉ်ထား
DVB
·
October 5, 2020
မကွေးတိုင်းဒေသကြီးအတွင်းက Quarantine စင်တာတွေမှာ ကြိုတင်ဆန္ဒမဲပေးနိုင်အောင် စီစဉ်ထားတယ်လို့ တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတဦးက ပြောပါတယ်။
မကွေးတိုင်း Quarantine စင်တာတွေမှာ လက်ရှိအချိန်ထိ အသွားလာကန့်သတ်ထားတဲ့သူ အရေအတွက် ၄၅၀၀ ဦး ရှိတယ်လို့ သိရပါတယ်။
မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးစိုးထွဋ်ဦးက “Quarantine စင်တာတွေမှာ အသွားအလာကန့်သတ်ထားတဲ့ ပြည်သူတွေ မဲပေးခွင့် မဆုံးရှုံးရအောင် အောက်တိုဘာ ၈ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ ကြိုတင်မဲပေးဖို့ ပုံစံ (၁၅) တွေ ဖြန့်ဝေဖြည့်စွက်ဖို့ စီစဉ်ထားတယ်။ အဲဒီပုံစံတွေ ဖြည့်ပြီးလို့ မဲလက်မှတ်တွေ ရရှိတဲ့အခါမှာ သက်ဆိုင်ရာ Quarantine စင်တာရဲ့ အကြီးအကဲတွေကနေပြီးတော့ အောက်တိုဘာ ၂၈ ရက်နေ့ကနေ ၃၁ ရက်နေ့ အထိကြိုတင်မဲပေးနိုင်အောင် စီစဉ်ပြီး မဲလက်မှတ်တွေကို သက်ဆိုင်ရာမဲပေးရမယ့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကို ပြန်ပို့ရမှာဖြစ်တယ်” လို့ ပြောပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းမှာ မဲဆန္ဒရှင် အရေအတွက် ၃၂ သိန်း ၇ သောင်းကျော်ရှိနေပြီး ဒုတိယအကြိမ် ကြေညာတဲ့အချိန်မှာ မဲဆန္ဒရှင်အရေအတွက် ၂၀၀၀၀ နီးပါးလောက် တိုးလာပြီး ကိုဗစ်ကာလဖြစ်တဲ့အတွက် မဲရုံအရေအတွက် ၃၇ ရုံ တိုးချဲ့ထားတယ်လို့ တိုင်းဒေကြီး ရွေးကောက်ပွဲကောမရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပြောပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၆ ဦးအပါအဝင် ပါတီ ၁၄ ခုက ကိုယ်စားလှယ်လောင်း ၄၈၀ ဝင်ရောက် အရွေးချယ်ခံမယ်လို့ သိရပါတယ်။
ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၁၃၅ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၆၁ ဦး၊ တိုင်းဒေသကြီး လွှတ်တော်အတွက် ၂၇၃ ဦးနဲ့ ချင်းတိုင်းရင်သားရေးရာ ကိုယ်စာလှယ်လောင်း ၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။
သတင်း-မင်းထီး