မိတ္ထီလာတွင် ဆရာဝန် ၁ ဦးအပါအဝင် ကိုဗစ်လူနာသစ် ၃ ဦး တွေ့ရှိ
DVB
·
October 4, 2020
မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ အောက်တိုဘာ ၄ ရက်နေ့က ဆရာဝန် ၁ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာအသစ် ၃ ဦး ထပ်မံတွေ့ရှိတယ်လို့ မိတ္ထီလာခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာဦးညွန့်စိန်က ပြောပါတယ်။
“ကိုဗစ်-၁၉ ရောဂါပိုးတွေ့တဲ့ထဲမှာ ဆရာဝန် ၁ ဦး ပါပါတယ်။ ရန်ကုန်ကနေ မိတ္ထီလာကို တာဝန်ကျလာတာ။ Quarantine ဝင်နေတာပါ။ မိတ္ထီလာနယ်ဘက်ကတော့ ၂ ဦး တွေ့တယ်။ Quarantine ဝင်နေသူတွေပါ။ ပျော်ဘွယ်ဘက်က မိတ္ထီလာဆေးရုံကို ဆေးလာကုတဲ့ ၁ ဦးရော ပေါင်းရင်တော့ ၃ ဦး တွေ့တယ်”
ရန်ကုန်ကနေ မိတ္ထီလာကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရတဲ့ ဆရာဝန် ၁ ဦးကို ဟိုတယ် Quarantine ထားရှိ စစ်ဆေးရာက အောက်တိုဘာ ၃ ရက်ညက ဓာတ်ခွဲအဖြေမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတာပါ။
မိတ္ထီလာမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရသူ ၉ ဦး ရှိပြီး ပျောက်ကင်းသွားသူ ၄ ဦး ရှိပါတယ်။ ဒီရက်ပိုင်းအတွင်း ၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ပျော်ဘွယ်မြို့နယ်က ၁ ဦးကိုပါ ဆေးကုသပေးနေပါတယ်။
သတင်း၊ ဓာတ်ပုံ-မောင်မောင်လင်း