လက်ပံတန်းတွင် ကိုဗစ်-၁၉ လူနာများလာ၍ စက်မှုကျောင်း၌ထားရှိရန် အရေးပေါ် ပြင်ဆင်
DVB
·
October 4, 2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ အောက်တိုဘာ ၃ ရက်နေ့က ကိုဗစ်-၁၉ လူနာသစ် ၁၇ ဦး ထပ်တိုးတွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
ပိုးတွေ့လူနာ များလာပြီး ဆေးရုံ isolation ward မှာ နေရာ မလုံလောက်တာကြောင့် GTI ကျောင်းရဲ့ အဆောင်တခုမှာ isolation ward အဖြစ် အရေးပေါ်ပြင်ဆင်ထားရတယ်လို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက သိရပါတယ်။
မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရဲဝင်းက “လက်ရှိအခြေအနေက စုစုပေါင်း ၂၂ ယောက် ဖြစ်သွားပါပြီ။ ၂၂ ယောက်မှာ ဆေးရုံဆင်းသွားတာက ၃ ယောက်၊ လက်ရှိ ဆေးရုံမှာ ၂ ယောက် ရှိတယ်။ မနေ့က စာရင်းအရ ၁၇ ယောက် အသစ်ထပ်တွေ့တယ်။ ၁၇ယောက်ကျတော့ ဆေးရုံမှာ ထားဖို့ အခက်အခဲရှိတဲ့အတွက် မြို့နယ် ကိုဗစ်ကော်မတီဥက္ကဋ္ဌနဲ့ တိုင်ပင်ပြီးတော့ GTI ကျောင်းဆောင်ကို လက္ခဏာမရှိတဲ့ positive လူနာတွေ ထားဖို့ စီစဉ်နေတာပါ” လို့ ပြောပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့က ၂၃၃ ယောက် swab ယူစစ်ဆေးခဲ့တာဖြစ်ပြီး၊ အဲ့ဒီ ၂၃၃ ယောက်ထဲက အမျိုးသား ၁၃ ဦးနဲ့ အမျိုးသမီး ၄ ဦး ပေါင်း ၁၇ ဦး မှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။
ပိုးတွေ့ လူနာတွေဟာ ရန်ကုန်တိုင်း မြိုနယ်တွေက ပြန်လာသူဖြစ်ပြီး လက်ပံတန်းမြို့နယ်ကို ပြန်ရောက်ရောက်ချင်း ကွာရန်တင်းစင်တာတွေမှာ ထားရှိသူတွေ ဖြစ်တယ်လို့ ဒေါက်တာရဲဝင်းက ပြောပါတယ်။
သာယာဝတီခရိုင်အတွင်းမှာ အောက်တိုဘာ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ သာယာဝတီက အယောက် ၂၀၊ လက်ပံတန်း ၁၇ ယောက်၊ အုတ်ဖို ၆ ယောက်၊ ကြို့ပင်ကောက် ၁ ယောက်၊ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပြီး၊ သာယာဝတီခရိုင် ၈ မြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၉၈ ယောက် ရှိပြီလို့ ခရိုင်ကျန်းမာရေးဦးစီးဌာနဆီက သိရပါတယ်။
သတင်း - ဝဏ္ဏထွန်း