Homeမြန်မာသတင်း
ယာဉ်အမျိုးမျိုးဖြင့် လှည့်လည်အင်အားပြခြင်းများ ဆိုင်းငံ့ထားရန် အန်အယ်လ်ဒီ မေတ္တာရပ်ခံ
ယာဉ်အမျိုးမျိုးဖြင့် လှည့်လည်အင်အားပြခြင်းများ ဆိုင်းငံ့ထားရန် အန်အယ်လ်ဒီ မေတ္တာရပ်ခံ
DVB
·
October 4, 2020
အန်အယ်လ်ဒီပါတီ အားပေးသူတွေအနေနဲ့ လှည့်လည်အင်အားပြနေတာဟာ ကျန်းမာရေးစည်းကမ်းနဲ့ သွေဖည်သွားနိုင်သလို ပြည်သူတချို့ရဲ့ ဝေဖန်ခံရနိုင်တာကြောင့် ခဏဆိုင်းငံ့ထားဖို့ ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီက မေတ္တာရပ်ခံပါတယ်။
အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အွန်လိုင်းကနေ ပြည်သူတွေကို ပန်ကြားတာ၊ စည်းရုံးတာတွေရဲ့ အကျိုးဆက်အဖြစ် အဖွဲ့ချုပ်ကို ဝန်းရံထောက်ခံသူတွေဟာ ယာဉ်အမျိုးမျိုးနဲ့ အမြို့မြို့အနယ်နယ်မှာ လှည့်လည် အင်အားပြနေတာကို အားရကျေနပ်ဖွယ် တွေ့ရတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီလိုအင်အားပြတာဟာ လူစုလူဝေးပုံစံဖြစ်သွားနိုင်ပြီး ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ သွေဖည်သွားနိုင်သလို ပြည်သူတချို့ရဲ့ ဝေဖန်တာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့်ပြည်သူတွေရဲ့ ကျန်းမာရေးကို ရှေးရှုပြီးတော့၊ ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ စည်းကမ်းတွေနဲ့အညီဖြစ်စေဖို့အတွက် ယာဉ်တွေနဲ့ လှည့်လည်အင်အားပြတာကို ခဏရပ်ဆိုင်းထားဖို့ မေတ္တာရပ်ခံလိုက်တာပါ။
ပါတီအနေနဲ့ တတ်စွမ်းသမျှ ကိုဗစ်-၁၉ စည်းကမ်းတွေနဲ့အညီ စည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး အိမ်မှာနေဖို့ အစီအစဉ်သတ်မှတ်ထားတဲ့ မြို့တွေမှာလည်း အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေရဲ့ စည်းရုံးရေးကိစ္စတွေအားလုံး အထိုက်အလျောက် တုံ့ဆိုင်းသွားတယ်လို့ ဆိုပါတယ်။