မလေးရှားတွင် ကြိုတင်မဲပေးရန်စာရင်းသွင်းသူ မြန်မာလုပ်သား ၆၄၅၀ ဝန်းကျင်ခန့်သာရှိ
DVB
·
October 3, 2020
မြန်မာ ရွှေ့ပြောင်းလုပ်သား ၃ သိန်းလောက်ရှိတဲ့ မလေးရှားနိုင်ငံမှာ ကြိုတင်မဲပေးဖို့ စာရင်းပေးထားသူ ၆၄၅၀ ဝန်းကျင်သာရှိတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပပြုလုပ်မယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မြန်မာနိုင်ငံ ပြင်ပရောက် မဲဆန္ဒရှင်တွေ နိုင်ငံအလိုက်ကြိုတင်မဲတွေ စတင်ပေးနေတာပါ။
မြန်မာနိုင်ငံသား ဒုတိယအများဆုံး ရွှေ့ပြောင်းလုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံမှာလည်း လာမယ့်အောက်တိုဘာ ၉ ရက်၊ ၁၀ ရက် နဲ့ ၁၁ ရက်တွေမှာ ကြိုတင်မဲပေးနိုင်ပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ တရားဝင်လုပ်သား ဦးရေ ၃ သိန်းလောက်ရှိတဲ့ မလေးရှားနိုင်ငံမှာ ကြိုတင်မဲပေးဖို့ လျှောက်ထားသူဦးရေက ၆၄၅၀ ဦးသာရှိနေတယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမား သံအရာရှိ ဦးအောင်ဇော်မင်းက ပြောပါတယ်။
အခုလို မဲပေးလိုသူ နည်းပါးရတာဟာ သံရုံးကို မဲလာပေးဖို့ နေရာဝေးကွာတာမို့ လာရောက်ရမယ့် အခက်ခဲတွေ၊ လုပ်ငန်းရှင်တွေက ပေးမလွှတ်တာ စတဲ့ အခြေအနေအရပ်ရပ်တွေကြောင့် မဲပေးလိုသူတွေ နည်းတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပေးခဲ့တဲ့ ကြိုတင်မဲပေးသူအရေအတွက်နဲ့ နှိုင်းယှဉ်ပါက စိတ်ဝင်စားမှုပိုများလာတာဖြစ်ပြီး သံရုံးက ကြိုတင်မဲပေးနိုင်တဲ့ အချိန် ၃ ရက်က နည်းတယ်လို့ မလေးရှားနိုင်ငံ ပီနန်းမြို့အခြေစိုက် ဒါနကုသလ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးရဲမင်းထွန်းက ပြောပါတယ်။
၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ ပြင်ပကို ရွှေ့ပြောင်းလုပ်ကိုင်သူ ဦးရေက ၅ သန်းလောက် ရှိနေတာပါ။
ပထမအများဆုံးကတော့ ထိုင်းနိုင်ငံဖြစ်ပြီး မြန်မာတရားဝင်လုပ်သား ၂ သန်းလောက် ရွှေ့ပြောင်းလုပ်ကိုင်နေပါတယ်။ ဒုတိယအများဆုံး မလေးရှားနိုင်ငံမှာ တရားဝင် မြန်မာ ၃ သိန်းကျော် ရွှေ့ပြောင်းလုပ်ကိုင်နေတာပါ။
စင်ကာပူ၊ ဂျပန်၊ ကိုရီးယား စတဲ့ နိုင်ငံတွေမှာတော့ မြန်မာရွှေ့ပြောင်းလုပ်သား သောင်းဂဏန်းသာ ရှိတာပါ။
ဒါပေမဲ့ လက်ရှိ သောင်းဂဏန်းလူဦးရေသာ ရွှေ့ပြောင်းလုပ်ကိုင်နေတဲ့ နိုင်ငံတွေရောက် မြန်မာတွေကတော့ ကြိုတင်မဲကို ၇၀ ရာခိုင်နှုန်းလောက်အထိ လာရောက်ပေးနေကြပါတယ်။
ဒါပေမဲ့ ရွှေ့ပြောင်းလုပ်ကိုင်မှုအများဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကြိုတင်မဲပေးလိုသူဦးရေ ၃ သောင်းကျော်သာရှိပြီး မလေးရှားနိုင်ငံမှာတော့ ၆,၀၀၀ ကျော်သာ ရှိတာကြောင့် ၂၀၂၀ ရွေးကောက်ပွဲဟာလည်း ပြည်ပရောက်မြန်မာနိုင်ငံသားတွေဆီက မဲရရှိမှု အတော်လေး နည်းပါးနေသေးတဲ့ အနေအထား ဖြစ်နေပါတယ်။
ဇာခြည်