ကျောက်မဲမြို့ နန့်ဝါရွာအနီး တပ်မတော်နှင့် RCSS တိုက်ပွဲဖြစ်၊ ရွာသား ၅၀ ခန့် ထွက်ပြေး
DVB
·
October 3, 2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နန့်ဝါရွာအနီးမှာ အောက်တိုဘာ ၂ ရက်နေ့က တပ်မတော်နဲ့ RCSS တို့ တိုက်ပွဲဖြစ်ပွားတာကြောင့် ရွာသား ၅၀ လောက် ဟိုင်းကွီရွာ ဘုန်းကြီးကျောင်းကို ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ သိရပါတယ်။
ထွက်ပြေးလာတဲ့ နမ့်ဝါ့ ရွာသားတဦးက “အောက်တိုဘာ ၂ ရက်နေ့ မနက် ၁၀ နာရီ ၄၀ မိနစ်လောက်ကစပြီး သူတို့ အပြန်အလှန် ပစ်ခတ်ကြတာ၊ ရွာနား နီးနီးနားနား နတ်စင်နားမှာပဲ။ ဘာပစ္စည်းမှသိမ်းဖို့ယူဖို့ အချိန်မရဘူး။ တချို့ဆို အိမ်တံခါးတောင် ပိတ်ချိန်မရခဲ့ဘူး။ ကျွဲ၊ နွားတွေလည်း ဒီတိုင်းထားခဲ့ရတယ်။ ရွာမှာ ဘယ်သူမှ မနေရဲတော့ဘူး။ တယောက်မှ မကျန်ဘူး။ အားလုံး ထွက်ပြေးလာကြရတာပါ” လို့ ပြောပါတယ်။
ထွက်ပြေးလာတဲ့ ရွာသားတစ်ဦးကလည်း “တပ်မတော် အင်အား ၁၀၀ ခန့်က ရွာထဲဝင်လာပြီး ရွာအနီးနားမှာရှိနေတဲ့ RCSS တပ်ဖွဲ့တွေကို လာရောက်ပစ်ခတ်တာ၊ ရွာနဲ့အလွန်နီးကပ်ပြီး တရွာလုံး ကြောက်ရွံ့ထိတ်လန့်ကာ ထွက်ပြေးလာကြရတာ” လို့ ပြောပါတယ်။
နမ့်ဝါ့ရွာဟာ အိမ်ထောင်စု ၁၅ စု နဲ့ လူဦးရေ ၅၀ ခန့်သာရှိတဲ့ ရွာငယ်လေး ဖြစ်ပါတယ်။
စက်တင်ဘာ ၃၀ နေ့ မနက်ကတည်းက တပ်မတော်စစ်ကြောင်း ၂ ကြောင်းဝင်လာကြောင်း ရွာခံတွေက အကြောင်းကြားလို့ အဲဒီရွာတွေဘက် မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေ ဖျက်ခဲ့ရတယ်လို့ ကျောက်မဲမြို့နယ် SNLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းကူးက DVB ကို ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေနဲ့ပတ်သက်ပြီး တပ်မတော်နဲ့ RCSS က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။