ကိုဗစ်-၁၉ ကာလ မလေးရှား၌ မိမိကိုယ်ကိုယ်သတ်သေသည့် မြန်မာလုပ်သား ၁၇ ဦးရှိလာ
DVB
·
October 2, 2020
ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း မလေးရှားနိုင်ငံမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ မြန်မာ လုပ်သား ၁၇ ဦးအထိရှိလာပြီး သတ်သေသူတွေအထဲမှာ အသက်၂၀ ကျော်အရွယ် တရားဝင်လုပ်သားတွေပါ ပါဝင်လာပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလအတွင်း မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ရွေ့ပြောင်းလုပ်သားတွေထဲမှာ နေရပ်ပြန်ဖို့အခက်ခဲရှိသူတွေအပြင် အကြောင်းကိစ္စမျိုးစုံနဲ့ မိမိကိုယ်ကိုယ်သတ်သေသူတွေရှိတယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံ အရာရှိကပြောပါတယ်။
မလေးရှားနိုင်ငံတွင်း သတ်သေသူအများစုကတော့ ကိုဗစ်-၁၉ ကပ်ရောဂါကာလ တင်းကျပ်မှုတွေနဲ့ မလေးရှားအစိုးရဲ့ စီမံချက်နဲ့ တရားမဝင် ရွှေ့ပြောင်းလုပ်သား အဖမ်းအဆီးတွေကြောင့် နေရပ်လည်းမပြန်နိုင်တဲ့အခြေအနေတွေနဲ့ သတ်သေသူတွေရှိခဲ့သလို မိသားစုနဲ့ပုဂ္ဂိုလ်ရေးရာကိစ္စရပ်တွေကြောင့် သတ်သေတဲ့ သူတွေလည်း ရှိနေတာပါ။
လက်ရှိမလေးရှားနိုင်ငံတွင်း အခြေအနေတွေကတော့ လွတ်လွတ်လပ်လပ် ပြန်လည်သွားလာနိုင်ပြီလို့ အလုပ်သမားသံအရာရှိက ဆက်လက်ပြောပါတယ်။
လက်ရှိကာလ မလေးရှားမှာ နေရပ်ပြန်လိုတဲ့ တရားမဝင် မြန်မာလုပ်သားတွေ များပြားနေပြီး နေရပ်ပြန်ခွင့်ရရှိဖို့မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို စာရင်းပေးထားသူ လူဦးရေ ၁၀၀၀၀ ကျော်ရှိနေပါတယ်။
ဒါပေမဲ့ ပြန်ဖို့မလွယ်ကူတာမို့ မလေးရှားနယ်စပ်ကနေ ထိုင်းနိုင်ငံကို ဖြတ်ပြီး တရားမဝင် ပြန်သူတွေအတော်များများရှိနေတယ်လို့ မြန်မာလုပ်သားတစ်ဦးက ပြောပါတယ်။
မလေးရှားနိုင်ငံတွင်း တရားမဝင်ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ တရားဝင် နေရပ်ပြန် မယ်ဆိုရင် မလေးရှားအစိုးရရဲ့ ဒဏ်ကြေးငွေ ရင်းဂစ် ၃၀၀၀ ကျော်ကိုပေးဆောင်ပြီးမှ မြန်မာသံရုံးမှာ CI လျှောက်ထားပြီး ပြန်ခွင့်ရမှာပါ။
လက်ရှိမှာ မြန်မာအစိုးရအနေနဲ့ ဒဏ်ကြေးကင်းလွတ်ခွင့်ရရှိဖို့ မလေးရှားအစိုးရဆီကို တောင်းခံထားပေမဲ့ ကိုယ်ဝန်ဆောင်တွေ ကျန်းမာရေးမကောင်းလို့ မြန်မာနိုင်ငံပြန်လိုသူတွေက လွဲပြီး ကျန်တရားမဝင် လုပ်သားတွေအတွက်တော့ အခုထိ ဒဏ်ကြေးကင်းလွတ်ခွင့်နဲ့ နေရပ်ပြန်ခွင့် မရရှိသေးပါဘူး။
သတင်း- ဇာခြည်