ကိုဗစ်ကာလ နိုင်ငံရေးအကျဉ်းသားဟောင်း ၅၀၀ ကျော်အတွက် စားနပ်ရိက္ခာ ထောက်ပံ့
DVB
·
September 30, 2020
ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းကာလ ရန်ကုန်တိုင်းအတွင်းက နိုင်ငံရေးအကျဉ်းသားဟောင်း ၅၀၄ ယောက်ကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမိသားစုက စားနပ်ရိက္ခာတွေ ထောက်ပံ့ ကူညီခဲ့ပါတယ်။
ဒီလှူဒါန်းမှုကိုတော့ ရန်ကုန်အခြေစိုက် ပရဟိတအဖွဲ့တဖွဲ့ဖြစ်တဲ့ We Love Yangon အဖွဲ့မှတဆင့် လှူဒါန်းခဲ့တာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်း တဦးချင်းစီအတွက် ဆန် ၆ ပြည်၊ နေကြာဆီ ၅၀ ကျပ်သား ၂ ဘူး၊ ခေါက်ဆွဲခြောက်အထုပ် ၃၀ ပါ ၁ ဖာ၊ ကော်ဖီမစ် ၃၀ ပါ အထုပ် ကြီး ၁ ထုပ်တို့ပါဝင်တဲ့ တန်ဖိုး ၂၃,၀၀၀ ကျပ်ကျသင့်တဲ့ Package တွေကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
ဒီအလှူနဲ့ပတ်သက်ပြီး We Love Yangon အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ် မှတဆင့် မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ မျှဝေထားပါတယ်။
အလှူလက်ခံရရှိတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကတော့ ရန်ကုန်တိုင်းဒေသကြီး အတွင်း မြို့နယ်တွေမှာ နေထိုင်ကြသူတွေဖြစ်ကြပြီး တခြားပြည်နယ်နဲ့ တိုင်းတွေမှာ နေထိုင်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကတော့ ပါဝင်ခြင်းမရှိပါဘူး။