မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှေစည်းခုံဘုရား တောင်ဘက်မုခ် ပြိုကျပျက်စီး
DVB
·
September 29, 2020
ညောင်ဦးမြို့နယ်မှာ စက်တင်ဘာ ၂၉ မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရွှေစည်းခုံ ဘုရားကြီး တောင်ဘက်မုခ် ပြိုကျပျက်စီးခဲ့တယ်လို့ ညောင်ဦးခရိုင် အုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။
ပုဂံရှေးဟောင်းသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က “ နှစ်ကတော့ ခြောက်ဆယ်၊ ခုနှစ်ဆယ် ဝန်းကျင်လောက် သက်တမ်းရှိမှာပေါ့၊ ပျက်စီးတဲ့ အနေအထားကတော့ စောင်းတန်းရဲ့ ၁၅ ပေ စာလောက်ပြိုကျတာ။ ခရိုင်အုပ်ချုပ်ရေးနဲ့ ဂေါပကအဖွဲ့က ပူပေါင်းပြီး ပြန်လည် ပြင်ဆင်ဖို့လုပ်နေပါတယ်။ ရှေးဟောင်းကတော့ နည်းပညာ အကူအညီပေးမှာပါ” လို့ပြောပါတယ်။
မြန်မာ့ရှေးဟောင်းအမွေအနှစ် ရွှေစည်းခုံဘုရားကြီးဟာ ပုဂံမြို့ဟောင်းရဲ့ အရှေ့မြောက်ဘက် လေးမိုင်လောက်ဝေးတဲ့ ညောင်ဦးမြို့မှာ တည်ရှိပြီး ဉာဏ်တော်ပေ ၁၆၀ ၊ ဖိနပ်တော်အကျယ်ပေ ၁၆၀ ရှိပါတယ်။
သတင်း- ကိုလင်း(ချောက်)