မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချီဖွေ-ပန်ဝါသွားလမ်း ပျက်စီး
DVB
·
October 3, 2020
ကချင်ပြည်နယ် ချီဖွေ-ပန်ဝါသွားကားလမ်းမှာ စက်တင်ဘာ ၂၇ ရက်နေ့ မနက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းဘေးမြေစာ ပြိုကျမှုဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၂ ရက်နေ့ညအထိ ခရီးလမ်းပြတ်တောက်တယ်လို့ မြို.နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရပါတယ်။
မြေစာပြိုကျမှုကို ချီဖွေငယ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံက ယာဉ်တစ်စီးနဲ့ လာရောက် ရှင်းလင်းခဲ့ပေမယ့် မြေစာပြိုကျမှုကြီးမားတဲ့အတွက် အဆင်မပြေသေးတာလို့ သိရပါတယ်။
ဘတ်ဟိုးယာဉ်နဲ့ ရှင်းလင်းမှသာ အဆင်ပြေမှာဖြစ်လို့ ဘွမ်ပန်လောင်ကုမ္ပဏီနဲ့ ပန်ဝါဌာနေပြည်သူစစ်ပိုင် ကုမ္ပဏီတခုဖြစ်တဲ့ နတလ လမ်းပိုင် (၁၉) မိုင်ကို အကူအညီတောင်းခံရာမှာလည်း လမ်းခရီး အခက်အခဲရှိတာကြောင့် ရောက်မလာသေးဘူးလို့ သိရပါတယ်။
ချီဖွေ-ပန်ဝါသွားကားလမ်းနဲ့ ချီဖွေ-မြစ်ကြီးနားသွားလမ်းတွေဟာ မိုးရာသီရောက်တိုင်း လမ်းဘေးမြေစာပြိုကျမှု ဖြစ်လေ့ရှိပါတယ်။