Homeမြန်မာသတင်း
ကိုဗစ်ထောက်ပံ့ငွေ အလွဲသုံးစားမှုဖြင့် ရေကြည်မြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦးကို အမှုဖွင့်
ကိုဗစ်ထောက်ပံ့ငွေ အလွဲသုံးစားမှုဖြင့် ရေကြည်မြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦးကို အမှုဖွင့်
DVB
·
September 29, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ မိသလင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို နိုင်ငံတော်ထောက်ပံ့ငွေ ကျပ် ၄၅ သိန်းကျော် အလွဲသုံးစားလုပ်မှုနဲ့ ရေကြည်မြို့မရဲစခန်းမှာ ပုဒ်မ ၄၀၉ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။
နိုင်ငံတော်ငွေအလွဲသုံးစားမှုနဲ့ တရားစွဲခံထားရတဲ့ မိသလင် ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ဦးအောင်ထွန်းကျော်ဟာ နိုင်ငံတော်ကပေးတဲ့ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ထောက်ပံ့ငွေတွေကို အခြေခံလူတန်းစာတွေထံမပေးပဲ အလွဲသုံးစားပြုလုပ်ခဲ့တာ စစ်ဆေးပေါ်ပေါက်လို့ ခုလို တရားစွဲဆိုခဲ့တာလို့ ရေကြည်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းက ဒီဗွီဘီ ကိုပြောပါတယ်။
"နိုင်ငံတော်က ကျပ် နှစ်သောင်း သုံးခါပေးတယ်၊ သူက မပေးဘဲနဲ့ ကိုယ်ကျိုးသုံးထားတာတွေ ဒေသခံတွေက တိုင်ကြားတယ်၊ စစ်ဆေးတော့ ပေါ်လွင်တယ်၊ အစိုးရအဖွဲ့ကို တင်ပြပြီးတော့ သူ့ကိုခုဖမ်းဆီးချုပ်နှောင်ထားပြီးတော့ တရားစွဲဖို့ လုပ်ထားပါတယ်"လို့ ပြောပါတယ်။
မိသလင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းကျော်ကို စက်တင်ဘာလ ၂၃ ရက်က (ပ)၃၃၅/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၄၀၉ နဲ့ အမှုဖွင့်ဖမ်းဆီး ထားတယ်လို့ ရေကြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ကံညွန့်ကလည်း ဒီဗွီဘီကို ပြောပါတယ်။
"ကျေးရွာအုပ်ချုပ်ရေးမှူးကို ၄၀၉ နဲ့ စွဲထားပါတယ်၊ သူ့ကိုလည်း ရဲစခန်းမှာ ဖမ်းမိထားပါပြီ၊ ကျန်တာတွေ ဆက်စစ်နေပါတယ်"လို့ ပြောပါတယ်။
မိသလင်းကျေးရွာအုပ်ချုပ်ရေးမှူးကို တရားစွဲဆိုထားတဲ့ ပုဒ်မ-၄၀၉ ဟာ ပြည်သူ့ဝန်ထမ်းဖြစ်စေ၊ ဘဏ်တိုက်စိုးဖြစ်စေ၊ ကုန်သည်ကဖြစ်စေ၊ ကိုယ်စားလှယ်က ဖြစ်စေ ရာဇဝတ်မှု မကင်းတဲ့ ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုကို ကျူးလွန်တဲ့ ပြစ်မှုဖြစ်ပြီး ထောင်ဒဏ် တသက်တကျွန်းဖြစ်စေ၊ ၁၀ နှစ်ထိဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ် နိုင်တဲ့ပုဒ်မဖြစ်ပါတယ်။
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဇွန်လိုင်လက ကံဘဲလေး ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးဟာ နိုင်ငံတော်က အခြေခံလူတန်းစားတွေကို ထောက်ပံ့ပေးအပ်ငွေ ငွေကျပ် ၅၄ သိန်းကျော်အလွဲသုံးစားပြုလုပ်မှုနဲ့ မြောင်းမြမြို့မရဲစခန်းမှာ တရားစွဲဆိုထားပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)