Home
မြန်မာသတင်း
သီပေါတွင် မူးယစ်ဆေးဝါးဖမ်းဆီးစဉ် အပြန်အလှန်ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး
DVB
·
September 29, 2020
120177003_631279967572749_6615173781299171288_n
ရှမ်းပြည်နယ်၊ သီပေါမြို့မှာ မနေ့ နေ့လယ်ပိုင်းက  မူးယစ်ဆေးဝါးဖမ်းဆီးရာမှာ   အပြန်အလှန် ပစ်ခတ်တာကြောင့်  ရဲတပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေဟာ သတင်းအရ သီပေါတံတားအဝင်မှာ လားရှိုးမြို့ကနေ သီပေါမြို့ဘက်ကို မောင်းနှင်လာတဲ့ Mark II အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးဖို့ တားဆီးခဲ့တာမှာ နောက်ပြန်လှည့်မောင်းနှင်ထွက်ပြေး သွားပါတယ်။ အတားအဆီးတွေနဲ့ ပိတ်ဆို့ခဲ့တာကြောင့် ကားရပ်တန့်ပြီး အမျိုးသား ၃ ယောက် ဆင်းလာကာ ၁ ယောက်က သေနတ်အတိုနဲ့ပစ်ခတ်လို့ အပြန်အလှန် ပစ်ခတ်ခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ သေနတ်နဲ့ပစ်တဲ့ အမျိုးသားက ထွက်ပြေးလွတ်မြောက်သွားပြီး ကျန် ၂ ယောက်ကိုတော့ အရှင်ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ အပြန်အလှန်ပစ်ခတ်တာကြောင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ရဲတပ်ကြပ်ကြီး အေးလွင်မှာ ကျည်ထိမှန်ကျဆုံးခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့သူတွေကတော့ သီပေါမြို့နယ် နမ့်လန်ရွာနေ စိုင်းစံဌေးနဲ့ ကျောက်မဲမြို့နယ် မိုင်းတင်းရွာနေ စိုင်းမွမ်းဦးတို့ဖြစ်ပြီး ထွက်ပြေးလွတ်မြောက်သွားသူကတော့ မိုင်းကိုင်မြို့နယ် ရပ်ကွက် ၂ မှာ နေတဲ့ စိုင်းစောထွန်း ဖြစ်တယ်လို့ ဆိုပါတယ်။ ကားပေါ်ကနေ ဘိန်းဖြူ ၁၁၀ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၉၉၅ ပြား၊ ပွိုင့် ၂၂ ကျည် ၁၇ တောင့် တို့ကို သိမ်းဆည်းရမိခဲ့ပြီး ကျဆုံးသွားတဲ့  တပ်ဖွဲ့ဝင်ရဲ့ ကျန်ရစ်သူ မိသားစုကို လူမှုရေးထောက်ပံ့ပေးမယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ- နန်းစပယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024