မွန်ပြည်နယ်၌ ကလေးငယ် ၃ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၁၂ ဦး ထပ်တွေ့
DVB
·
September 27, 2020
မွန်ပြည်နယ်မှာ ကလေးငယ် ၃ ဦးအပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂ ဦး ထပ်မံ တွေ့ရှိခဲ့တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက စက်တင်ဘာ ၂၆ ရက်နေ့ ညပိုင်း ထုတ်ပြန်လိုက်ပါတယ်။
ကိုဗစ်ရောဂါပိုး တွေ့ရှိမှုအနေနဲ့ မော်လမြိုင်မြို့နယ် ၈ ဦး၊ သထုံမြို့နယ် ၃ ဦးနဲ့ ဘီးလင်းမြို့နယ် ၁ ဦး ၊ စုစုပေါင်း ၁၂ ဦး ရောဂါပိုး ထပ်မံ ကူးစက်ခံခဲ့ရတာပါ။
ရောဂါပိုး ကူးစက်ခံရသူတွေထဲမှာ အသက် ၂ နှစ်ခွဲ၊ အသက် ၆ နှစ်နဲ့ အသက် ၁၁ အရွယ် ကလေးငယ် ၃ ဦး ပါဝင်ခဲ့တာပါ။
ရောဂါပိုးတွေ့ရှိခဲ့တဲ့ မော်လမြိုင်က အတည်ပြုလူနာ ၈ ဦးမှာ ၇ ဦးဟာ ပထမအကြိမ် ရောဂါပိုး စစ်ဆေးရာမှာ ကိုဗစ်ရောဂါပိုး မတွေ့ရှိခဲ့ပေမယ့် အခု ဒုတိယအကြိမ် ကိုဗစ်ပိုး စစ်ဆေးရာမှာ ရောဂါပိုး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တဲ့ အတည်ပြုလူနာတွေကို အသွားအလာကန့်သတ်ထားတဲ့ quarantine camp တွေကနေ မော်လမြိုင်ပြည်သူ့ဆေးရုံကို ပြောင်းရွှေ့ပေးထားပြီးလို့ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဇင်မိုးက ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ စက်တင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၃၄ ဦးအထိ ရှိလာခဲ့ပါတယ်။