မွန်ပြည်နယ်၌ ကိုဗစ်လူနာများထားရန် ယာယီဆေးရုံကို နှစ်ပတ်အတွင်း အပြီးဆောက်မည်
DVB
·
September 27, 2020
မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်မှု တိုးမြင့်လာတာကြောင့် လူနာ ၃၀၀ နီးပါးလောက် ထားရှိနိုင်မယ့် ယာယီဆေးရုံ ၁ ရုံကို နှစ်ပတ်အတွင်း အပြီးတည်ဆောက်သွားမယ်လို့ မွန်ပြည်နယ် လူမှုရေးဝန်ကြီးက ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို မော်လမြိုင် ပြည်သူ့ဆေးရုံ တခုတည်းမှာပဲ စောင့်ကြည့်ကုသပေးနေတာ ဖြစ်ပါတယ်။
အဲလို ကုသပေးရာမှာ လူနာအရေအတွက် များလာတဲ့အတွက်ကြောင့် မော်လမြိုင်က ပြည်နယ်ကုသရေးဦးစီးဌာန ဝန်ထမ်အိမ်ရာမှာ ရောဂါလက္ခဏာမပြတဲ့ ကိုဗစ်လူနာတွေ ပြောင်းရွှေ့ကုသပေးနေတာပါ။
အခုအခါမှာတော့ ကိုဗစ်-၁၉ လူနာတွေ များလာပါက ထားဖို့အတွက် ယာယီဆေးရုံကို မော်လမြိုင်ပြည်သူ့ဆေးရုံအရှေ့က မော်လမြိုင်အထက ၁ ကျောင်း ဘောလုံးကွင်းမှာ စက်တင်ဘာ ၂၅ ရက်နေ့ကစပြီး စတင်တည်ဆောက်နေတာလို့ မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ပြောပါတယ်။
မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ လူနာတွေကို မော်လမြိုင်ပြည်သူ့ဆေးရုံမှာ ကုတင် ၁၀၀၊ ပြည်နယ်ကုသရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာမှာ ကုတင် ၁၉၀ ကျော် ပြင်ဆင်ထားတာပါ။ ဒါပေမယ့် ကိုဗစ်လူနာများလာပါက အလွယ်တကူ အသုံးပြုနိုင်ဖို့ ယာယီဆေးရုံကို တည်ဆောက်နေတာ ဖြစ်ပါတယ်။
ယာယီဆေးရုံအတွက် မော်လမြိုင်ပြည်သူ့ဆေးရုံက ဆရာဝန်နဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ထပ်ထုတ်ပေးဖို့ မဖြစ်နိုင်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံ ဆရာဝန် အသင်းအပါအဝင် ပြင်ပဆရာဝန်တွေနဲ့ စုစည်းဆောင်ရွက်မှ အဆင်ပြေမယ်လို့ မော်လမြိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်မြင့်က ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ မော်လမြိုင်မြို့နယ်နဲ့ ဘီးလင်းမြို့နယ်ဟာ ကိုဗစ်-၁၉ ရောဂါ အများဆုံး ကူးစက်ခံထားရပါတယ်။ စက်တင်ဘာ ၂၆ ရက်နေ့ ညဦးပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၂၂ ဦးအထိ ရှိလာပြီုး အဲဒီထဲမှာ အသက် ၁၅ နှစ်အရွယ် ကိုဗစ်-၁၉ လူနာ အပါအဝင် ၂ ဦး သေဆုံးထားပါတယ်။
ဇော်လွင်ထွဋ်