ရွှေလင်ဗန်းအိမ်ရာကို ကိုဗစ်ဆေးရုံနှင့် ကွာရန်းတင်းစင်တာအဖြစ် အသုံးပြုရန် ပြင်ဆင်ထား
DVB
·
September 26, 2020
ဆောက်လုပ်ရေးဝန်ကြီးဌာနက တည်ဆောက်ထားတဲ့ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းအိမ်ရာကို ကိုဗစ်ဆေးရုံနဲ့ ကွာရန်တင်းစင်တာအဖြစ် အသုံးပြုဖို့ လျာထားပြင်ဆင်ထားတယ်လို့ မြို့ပြနဲ့ အိမ်ရာဖွံဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့က ရွှေလင်ဗန်းအိမ်ရာကို ကွာရန်တင်းစင်တာအဖြစ် အသုံးပြုနိုင်ဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ တိုင်းကျန်းမာရေးဌာနကနေ ကွင်းဆင်းပြီး လာရောက်ကြည့်ရှုခဲ့ပါတယ်။
လက်ရှိမှာ ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်)က ရိုးမရိပ်သာအိမ်ရာ နဲ့ ဒဂုံမြို့သစ် (တောင်ပိုင်း) အောင်မြင့်မိုရ်အိမ်ရာတွေကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ အစီအစဉ်အဖြစ် ကုတင် ၁၀၀၀ ဆံ့ ကိုဗစ်ဆေးကုသရေးဆေးရုံအဖြစ် ဆောင်ရွက်ထားပါတယ်။
ဒဂုံမြို့သစ် (တောင်ပိုင်း) ရှိ အောင်မြင့်မိုရ်အိမ်ရာကို ကုတင် (၁၀၀၀)ဆံ့ ကိုဗစ်ကုသရေးဆေးရုံအဖြစ် ဆောင်ရွက်ရာမှာ ODA Loan နဲ့ ရောင်းချထားတဲ့ အခန်း ၁၀၀ ကို ချန်ထားပြီး ကျန်အခန်းတွေအားလုံးကို အသုံးပြုထားပါတယ်။
လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်း- Commercial Area မှ လေးခန်းတွဲ လေးထပ်တိုက် ၁၀ လုံးကို ကွာရန်တင်းစင်တာအဖြစ် အသုံးပြုသွားမှာပါ။
ဒါ့ပြင် တခြား တိုင်းနဲ့ ပြည်နယ်တွေရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ တည်ဆောက်ထားတဲ့ အိမ်ရာတွေကိုလည်း လိုအပ်ရင်လိုအပ်သလို ကွာရန်တင်းစင်တာအဖြစ် အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
နန့်အိမ့်သူခိုင်