မိတ္ထီလာထောင်ရှေ့ ဆန္ဒပြသည့် ကျောင်းသား ၄ ဦးကို အမှုဖွင့်
DVB
·
September 24, 2020
မိတ္ထီလာအကျဉ်းထောင်ရှေ့မှာ ဆန္ဒပြတဲ့ မိတ္ထီလာတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၄ ဦးကို စက်တင်ဘာ ၂၃ ရက်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) (ခ) တို့နဲ့ အမှုဖွင့်ပြီး ၁ ဦးကို ဖမ်းဆီးထားတယ်လို့ မိတ္ထီလာမြို့မရဲစခန်း တာဝန်ရှိတဦးက ပြောပါတယ်။
အဆိုပါကျောင်းသား ၄ ဦးဟာ မိတ္ထီလာအကျဉ်းထောင်မှာ အချုပ်ကျနေတဲ့ မိတ္ထီလာတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုသန်းတိုးအောင်နဲ့ ကိုဆန်းလင်းကိုတို့ နှစ်ဦးအား စက်တင်ဘာ ၂၂ ရက်က ဧည့်တွေ့ခွင့်တောင်းပြီးနေ အကျဉ်းထောင်ရှေ့မှာ ဆန္ဒပြခဲ့ကြတာပါ။
မိတ္ထီလာမြို့မရဲစခန်းစခန်းမှူး ဒုရဲမှူးထွန်းထွန်းဝင်းက "မနေ့က ဖြစ်သွားတဲ့ ဖြစ်စဉ်ပါ။ တစ်ဦး ဖမ်းမိထားပါတယ်။ မြို့နယ်ရဲတပ်ဖွဲ့မှူးက တရားလိုလုပ်တဲ့ အမှုပါ။" လို့ ပြောပါတယ်။
မိတ္ထီလာအကျဉ်းဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတာကြောင့် ထိန်းချုပ်တဲ့ အနေနဲ့ အချုပ်ကျနေတဲ့ ကျောင်းသားတွေကို ပြင်ပဧည့်တွေ့ခွင့် မပေးဘူးလို့ ဆိုပါတယ်။
ဒါ့ကြောင့် မိတ္ထီလာတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေဖြစ်တဲ့ ချစ်လွန်းသူ၊ ပြည့်စုံအောင်၊ ရန်ပိုင်စိုး၊ အောင်သူဟိန်းတို့ ၄ ဦးဟာ "ရခိုင်ပြည်သူလူထုနဲ့အတူ ရပ်တည်ကြ၊ ဖက်ဆစ်လူသတ်ဝါဒဆန့်ကျင်ကြ၊ 4G အင်တာနက် ပြန်ဖွင့်ပေး၊ မတရားဖမ်းဆီးခံကျောင်းသားများ ချက်ချင်းလွှတ်" စတဲ့ စာသားတွေပါ ကတ်ထူစက္ကူတွေ ကိုင်ဆောင်ကာ ထောင်ရှေ့မှာ ဆန္ဒပြကြခဲ့ကြတာပါ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အဆိုပါကျောင်းသား ၄ ဦးကို မိတ္ထီလာမြို့နယ်ရဲတပ်ဖွဲ့မှူးက တရားလိုလုပ်ပြီး ရာဇသတ်ကြီးပုဒ်မ ပုဒ်မ ၅၀၅ (က) (ခ) တို့နဲ့ မြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ထား အမှုဖွင့်ခဲ့တာပါ။
ဆန္ဒပြကျောင်းသား ၄ ဦးထဲက မိတ္ထီလာမြို့နယ် ညောင်ကိုင်းရွာနေ အောင်သူဟိန်းကို စက်တင်ဘာ ၂၃ ရက်က ဖမ်းမိခဲ့ပြီး ကျန် ၃ ဦးကိုတော့ ဖမ်းဆီးခြင်းမရှိသေးပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်ကလည်း မိတ္ထီလာတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၅ ဦးဟာ ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး စာတွေရေးသားဖြန့်ဝေ ကမ်ပိန်းလုပ်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ နဲ့ အမှုဖွင့်ခံရပြီး ၂ ဦးကို ဖမ်းမိခဲ့ပါတယ်။
လတ်တလော ရခိုင်ပြည်နယ်အရေး ဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး မိတ္ထီလာမှာ ကျောင်းသား စုစုပေါင်း ၉ ဦး ပုဒ်မ ၅၀၅ (က)(ခ) တို့နဲ့ အမှုဖွင့်ခံထားရပြီး ၃ ဦး ဖမ်းဆီးခံထားရပါတယ်။
သတင်း-မောင်မောင်လင်း