ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၄ ဦး ပထမဆုံးတွေ့ရှိ
DVB
·
September 24, 2020
မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄ ဦး ပထမဆုံး တွေ့ရှိခဲ့ပြီး မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကို ညတွင်းချင်းပို့ဆောင်လိုက်တယ်လို့ မြို့နယ်တာဝန်ရှိသူတဦးက ပြောပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၃ ရက်နေ့ ည ၈ နာရီသတင်း ထုတ်ပြန်ချက်အရ မွန်ပြည်နယ်မှာ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၃ ဦး တွေ့ရှိခဲ့ပြီး ပေါင်မြို့နယ်က လူနာ ၄ ဦး ပါဝင်ခဲ့တာပါ။
ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းမှာ Quarantine ၀င်ရောက်နေတဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကို စိတ္တသုခလူမှုကူညီရေးအသင်းပိုင်ကားနဲ့ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကို ညတွင်းချင်း ပို့ဆောင်ပေးခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီဓာတ်ခွဲအတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့တဲ့သူတွေအားလုံးကို စုံစမ်းဖော်ထုတ်ကာ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမှာဖြစ်ပြီး လူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေ အုပ်ချုပ်ရေးနဲ့ ကျန်းမာရေးဌာနကို အမြန်ဆုံးဆက်သွယ်အကြောင်းကြားဖို့ မြို့နယ်တာဝန်ရှိသူတဦးက ပြောပါတယ်။
မွန်ပြည်နယ်မှာ စက်တင်ဘာ ၂၃ ရက် ညအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇၃ ဦး အထိရှိလာပြီး မော်လမြိုင်မြို့နယ်က ၁၀၆ ဦးနဲ့ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
သတင်း-ယူမင်းစိုး