စစ်ကိုင်းတိုင်းတွင် မဲဆန္ဒရှင် ၄၂ သိန်းကျော်အတွက် မဲရုံပေါင်း ၄၁၀၀ ကျော်လျာထား
DVB
·
September 23, 2020
စစ်ကိုင်းတိုင်းအတွင်းမှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင်ဦးရေ ၄၂ သိန်းကျော်ရှိတဲ့အတွက် မြို့နယ်ပေါင်း ၃၇ မြို့နယ်မှာ မဲရုံပေါင်း ၄၁၀၇ ရုံ ဖွင့်လှစ်ဖို့ စီစဉ်ထားတယ်လို့ စစ်ကိုင်းတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက သိရပါတယ်။
ရွေးကောက်ပွဲကျင်းပတဲ့အခါမှာလည်း ကိုဗစ်-၁၉ ရောဂါမကူးစက်စေဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေနဲ့အညီ စီစဉ် ဆောင်ရွက်သွားမယ်လို့လည်း ကန့်ဘလူခရိုင် ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးမျိုးမင်းက ပြောပါတယ်။
ဒုတိယအကြိမ် မဲစာရင်းတွေကိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထုတ်ပြန်တဲ့နေ့မှာ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေမှာ တပြိုင်နက် ကြေညာသွားမယ်လို့ တိုင်းရွေးကောက်ပွဲအရာရှိ ဦးအောင်မျိုးလွင်က ပြောပါတယ်။
လာမယ့် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ရတဲ့သူတွေရဲ့ ပထမအကြိမ်မဲစာရင်းကို ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၁၄ ရက်အထိ သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးတွေမှာ ကပ်ထားကြေညာခဲ့ပါတယ်။
သတင်း - ပြည့်ဖြိုးကိုကို