မိတ္ထီလာမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီထောက်ခံသူများ ဖမ်းဆီးအမှုဖွင့်ခံရ
DVB
·
September 21, 2020
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ညောင်ကိုင်းကျေးရွာမှာ စက်တင်ဘာ ၂၀ ရက်က ကြံ့ခိုင်ရေးပါတီထောက်ခံသူတွေက အန်အယ်လ်ဒီပါတီထောက်ခံသူ တစ်ဦးရဲ့ နေအိမ်ကို ခဲနဲ့ထုတာတွေ ဆဲဆိုခြိမ်းခြောက်တာတွေ လုပ်ခဲ့တယ်ဆိုပြီး နယ်မြေရဲစခန်းမှာ အမှုဖွင့်ထား ပါတယ်။
မနေ့က မိတ္ထီလာမြို့နယ်က ကြံ့ခိုင်ရေးပါတီထောက်ခံသူတွေ လှည့်လည်လာရာ ညောင်ကိုင်းရွာအဝင်မှာ အန်အယ်လ်ဒီထောက်ခံသူတွေနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ရာက ကြံ့ခိုင်ရေး ပါတီလိုလားသူတွေက နေအိမ်ကို ခဲတွေနဲ့ ပစ်ပေါက်တာကြောင့် အမှုဖွင့်ထားတာလို့ မိတ္ထီလာ အမှတ်(၂)ရဲစခန်းက သိရပါတယ်။
မိတ္ထီလာအမှတ်(၂)ရဲစခန်း တာဝန်ကျရဲဝန်ထမ်းတစ်ဦးက "ဟုတ်ပါတယ်။ အမှုဖွင့်ထား တယ်။ တရားခံတွေကို အမြန်ဆုံး တရားစွဲဆိုသွားမှာပါ"လို့ ပြောပါတယ်။
ဒီဖြစ်ရပ်မှာ မသန်စွမ်းသူ ၁ ဦးအပါအဝင် လူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အခင်းဖြစ်ပွားတဲ့ နေရာမှာ ခဲနဲ့ထုတာတွေ တုတ်ကိုင်ပြီး ဆဲဆိုခြိမ်းခြောက်တာတွေ လုပ်နေတဲ့ ဗီဒီယိုဖိုင်တွေလည်း လူမှု ကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိတ္ထီလာမြို့နယ် အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဒေါက်တာ ဝင်းစိုးဦးက "ကျနော်လည်း အများသိတဲ့အတိုင်း သိထားပါတယ်။ USDP ပါတီလိုလားသူတွေကို ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ထားတယ်။ လူ ၆ ယောက်ဖမ်းထားတယ် ကြားတယ်။ USDPပါတီက ကားတွေ ဆိုင်ကယ်တွေတအားများတယ် ကြားတယ်။ NLDထောက်ခံသူတွေကလည်း အိမ်ထဲမှာ ကခုန်နေ ကြတာတဲ့ အဲဒီအိမ်က ရွာအဝင်အထွက်မှာရှိတာ ဆိုတော့ ကားတန်းကြီး ပြန်အထွက်မှာ ဖြစ်ကြတာတဲ့ ၃ သိန်းဖိုးလောက်ပျက်စီးသွားတယ် သိရတယ်"လို့ ပြောပါတယ်။
အန်အယ်လ်ဒီပါတီအနေနဲ့ ဒီဖြစ်စဉ်တွေ ထပ်မဖြစ်အောင် တရားဥပဒေကြောင်းအရပဲ ဆောင်ရွက်သွားမှာဖြစ်ပြီး လိုအပ်တာတွေ ဆောင်ရွက်ဖို့ မြို့နယ်အောင်နိုင်ရေးအဖွဲ့တွေ အလုပ် အမှုဆောင်အဖွဲ့တွေနဲ့ ပါတီတာဝန်ရှိသူတွေကို အကြောင်းကြားထားတယ်လို့ မန္တလေးတိုင်း ဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အတွင်းရေးမှူး ဦးတင်ကိုကိုကလည်း ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုးကတော့ ညောင်ကိုင်းမှာလှည့်ပြီး ပြန်ထွက်လာချိန်မှာ အိမ်ကနေ ဆဲဆိုပြီး ခဲနဲ့ ကနဦးထုတာလို့ ပြောပါတယ်။
မိတ္ထီလာမြို့နယ် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးမြင့်ဆန်းကလည်း "ပြည်ခိုင်ဖြိုးပါတီ လိုလားသူများနဲ့ ညောင်ကိုင်းရွာက အန်အယ်လ်ဒီထောက်ခံသူတွေ စကားများရန်ဖြစ်ကြတယ် ကြားတယ်။ အမှုဖွင့်ထားတယ်လို့လည်း ကြားတယ်။ အောက်ခြေက မဆိုင်တဲ့သူတွေကို အမှုဖွင့်ထားတာ နစ်နာမှုရှိနေတယ်။ အဲဒီနစ်နာသူတွက ပြန်အမှုဖွင့်မယ်လို့လည်း ကြားထားတယ်။ ကျနော်တို့ပါတီနဲ့ ဘာမှမဆိုင်ပါဘူး။ ကိုဗစ်-၁၉ ကပ်ရောဂါကြီးကြောင့် လှည့်လည်တာတွေ စည်းရုံးတာတွေ ရပ်နားထားတာ တပတ်လောက်ရှိနေပါပြီ"လို့ ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီ လိုလားသူတွေက ခဲတွေနဲ့ပစ်ပေါက်ပြီး အဲဒီအိမ်ဝိုင်းထဲကို အုပ်စုလိုက် ဝင်ရောက်ကာ အသုံးအဆောင်ပစ္စည်းတွေ ဖျက်ဆီးသွားတယ်လို့ ရဲစခန်းမှာ တိုင်ချက်ပေး အမှုဖွင့်ထားပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ သန်းကျော်စိုးအပါ ၁၇ ဦးကို အရေးယူပေးဖို့ နာကျင်မှုပါတဲ့ အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၄၀၊ နာကျင်စေမှု ပုဒ်မ ၃၃၇၊ ဆဲဆိုမှု ပုဒ်မ ၂၉၄၊ ရာဇဝတ်မကင်းတဲ့ ခြောက်လှန့်မှုပုဒ်မ ၅၀၆၊ အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့နဲ့ ညောင်ကိုင်းရွာနေ ဒေါ်ခင်မာလေးက တရားလိုလုပ်ပြီး မိတ္ထီလာအမှတ် ၂ ရဲစခန်းမှာ အမှုဖွင့်ထားကာ လတ်တလော ပါဝင်သူ ၆ ဦး ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
မိတ္ထီလာမှာ အန်အယ်လ်ဒီပါတီရဲ့ မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးရတာ၊ ကြံ့ခိုင်ရေးပါတီက ဘာသာရေး အကြောင်းပြမဲဆွယ်တာတွေနဲ့ သာသနာ့အလံအသုံးပြု မဲဆွယ်တာတွေရှိပြီး သာသနာ့အလံ အသုံးပြု မဲဆွယ်တာနဲ့ ပတ်သက်လို့ တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို အန်အယ်လ်ဒီပါတီက အသိပေးထားတာ ရှိပါတယ်။
သတင်း - နိုင်လင်းဦး/ မောင်မောင်လင်း