တောင်ကုတ်တွင် အန်အယ်လ်ဒီ မဲဆွယ်ဆိုင်းဘုတ်များ အကြိမ်ကြိမ်ဖျက်ဆီးခံရ
မင်းညို
·
September 21, 2020
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ထဲက ကျေးရွာ ၃ ရွာ နဲ့ မြို့တစ်မြို့မှာ ထောင်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ် ဆိုင်းဘုတ်တွေ အကြိမ်ကြိမ် ဖျက်ဆီးခံနေရပါတယ်။
မနေ့က စက်တင်ဘာလ ၂၀ ရက်က တန်းလွဲရွာမမြို့မှာ ဖျက်ဆီးခံထားရတဲ့ အန်အယ်လ်ဒီပါတီမဲဆွယ် ဆိုင်းဘုတ်တခု ဒီနေ့ စက်တင်ဘာ ၂၁ ရက်မနက်မှာ ထပ်မံ ဖျက်ဆီးခံခဲ့ရတယ်လို့ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်က ပြောပါတယ်။
သူတို့အနေနဲ့ ဥပဒေနဲ့အညီ ဆိုင်ဘုတ်ထူတာ၊ ရွေးကောက်ပွဲ အောင်နိုင်ရေးလုပ်တာဖြစ်တဲ့အတွက် ဥပဒေနဲ့အညီ အရေးယူပေးဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ကစပြီး ရွေးကောက်ပွဲဝင်ကြမယ့် နိုင်ငံရေးပါတီတွေ အားလုံးလိုလို ပါတီ အောင်နိုင်ရေးဆိုင်ဘုတ်တွေ တောင်ကုတ်မြို့နယ်အနှံ့အပြားမှာ စတင်စိုက်ထူခဲ့ကြတာပါ။
အန်အယ်လ်ဒီမဲဆွယ်ဆိုင်းဘုတ်တွေကတော့ မအီမြို့မှာ စက်တင်ဘာ ၁၁ ရက်က ဖျက်ဆီးခံရပြီး ၊ ချောင်းသုံးခွရွာမှာ ၁၄ ရက်က ဖျက်ဆီးခံရကာ အဖျက်စီးခံခဲ့ရကာ၊ နတ်ကန်ကျေးရွာမှာ ၁၆ ရက်က ဖျက်ဆီးခံရပါတယ်။
စက်တင်ဘာ ၂၀ ရက်ကတော့ တန်းလွဲရွာမမြို့မှာ ဆိုင်းဘုတ်တစ်ခု ဖျက်ဆီးခံရပြီး ဒီနေ့ မနက်မှာလည်း အဆိုပါ ဆိုင်းဘုတ် ထပ်မံဖျက်ဆီးခံလိုက်ရလို့ စုစုပေါင်း ဆိုင်းဘုတ် ၄ ခုကို ၅ ကြိမ် ဖျက်ဆီးခံရတယ်လို့ တောင်ကုတ်မြို့နယ် အန်အယ်လ်ဒီရုံးက သိရပါတယ်
ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး တောက်ကုတ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားထားပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ ၅၈(ဃ)နဲ့ အမှုဖွင့်ထားပြီး ဖျက်ဆီးသွားသူတွေကိုလည်း စုံစမ်းနေတယ်လို့ တန်းလွဲ ရွာမရဲစခန်းမှူးက ဒီဗွီဘီကို ပြောပါတယ်။
နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ မွန်ပြည်နယ်တို့မှာလည်း အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ဆိုင်းဘုတ် ပိုစတာတွေ ဖျက်ဆီးခံရတာရှိပါတယ်။
သတင်း- မင်းညို