ပိုးတွေ့လူနာများလာသည့် ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်ကို ယာယီပိတ်
DVB
·
September 20, 2020
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ကိုဗစ်ကူးစက်ခံရသူတွေ များလာနေတဲ့ စေတီတောင်ရပ်ကွက် ဖြတ်လမ်း ၃ မှာရှိတဲ့ နေအိမ်တွေကို စက်တင်ဘာ ၁၈ ရက်နေ့က စတင်ပြီး အသွားအလာ ကန့်သတ်ထားသလို လမ်းကိုလည်း ၁ ပတ် ယာယီပိတ်ထားတယ်လို့ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က DVB ကို ပြောပါတယ်။
“လော့ဒေါင်းချထားတာတော့ မဟုတ်ဘူး။ အဲဒီနားမှာက လူသွားလူလာ များတယ်၊ အဲဒီနားမှာဆိုရင်လည်း ပိုးတွေ့လူနာနဲ့ ထိတွေ့မှုမရှိဘဲနဲ့ ဒီလိုမျိုး အနံ့ပျောက်ပြီးတော့ ဆေးရုံကို လာပြရင်းနဲ့မှ ပိုးတွေ့တဲ့လူနာတွေက များနေတယ်။ အဲဒါနဲ့ ဆေးရုံအုပ်ကြီးနဲ့ တိုင်ပင်ပြီးတော့ ၁ ပတ်လောက် ပိတ်ထားဖို့ လုပ်ထားတယ်။ မနေ့က ကျနော်တို့ သွားကြည့်ပြီး အပြင်လူကတော့ ၀င်လို့ လုံးဝ အဆင်မပြေဘူး၊ အပြင်ကလူတွေကတော့ လုံးဝဖြတ်လို့မရဘူး၊ အတွင်းထဲက လူတွေအနေနဲ့ မဖြစ်မနေ ဈေးဝယ်ထွက်မယ်ဆိုရင်တော့ ၁ ယောက် ထွက်လို့ရမယ်၊ ကျန်းမာရေးကိစ္စ ဆိုရင်တော့ ၂ ယောက်ပေါ့။ Stay Home သတ်မှတ်တဲ့အတိုင်းပေါ့၊ အဲဒါမျိုးတော့ ပြောထားတယ်။”
စေတီတောင်အုပ်ချုပ်ရေးမှူး ဦးသန်းလှိုင်က “အဲဒီဖြတ်လမ်း ၃ မှာ ပိုးတွေ့တဲ့သူတွေ ကတော့ ၁၀ ယောက် ကျော်သွားပြီပေါ့။ လမ်းကို ယာယီပိတ်ထားပေးလိုက်တယ်။ ဒီနေ့မနက်ကပဲ ကိုဗစ်တားဆီးရေးအဖွဲ့ကနေပြီးတော့ ဆန်၊ ဆီ၊ ကြက်သွန်၊ ငါးခြောက်နဲ့ ငရုတ်သီးတွေ လာရောက်ထောက်ပံ့ပေးသွားတယ်။ ပြီးရင်တခြား အလှူရှင်တွေကလည်း လာပြီးထောက်ပံ့ပေးတာတွေလည်း ရှိတာပေါ့။ အဲဒီလမ်းထဲမှာက အိမ်က စုစုပေါင်း ၃၈ အိမ်လောက် ရှိတယ်။ အကုန်လုံး အဆင်ပြေကြပါတယ်” လို့ ပြောပါတယ်။
ကျောက်ဖြူမြို့မှာ ကိုဗစ်ပိုးတွေ့လူနာဟာ ၁၀၀ ကျော်ရှိလာပြီး ကိုဗစ်ရောဂါသက်သာလို့ ဆေးရုံက ဆင်းခွင့်ရသူ စုစုပေါင်း ၆၄ ဦး ရှိတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ ကိုဗစ်ပိုး-၁၉ ရောဂါပိုးတွေ့သူတွေကို ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးနဲ့ ရမ္မ၀တီခန်းမတို့ ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးထားတယ်လို့ ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီး တာဝန်ရှိသူတဦးက ပြောပါတယ်။
သတင်း - နောင်နောင်