ဘုတ်ပြင်းတွင် လေပြင်းတိုက်ပြီး ထူးကဲဒီရေမြင့်တက်မှုကြောင့် နေအိမ်များ ပြိုကျပျက်စီး
DVB
·
September 19, 2020
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်မှာ စက်တင်ဘာလ ၁၉ ရက်နေ့က မိုးသည်းထန်ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုနဲ့ ထူးကဲဒီရေမြင့်တက်ကာ ရေလှိုင်းရိုက်ခတ်မှုကြောင့် ပင်လယ်ကျေးရွာတချို့မှာ နေအိမ်တွေ ပြိုကျ ပျက်စီးခဲ့တယ်လို့ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ကနေ သိရပါတယ်။
မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ စာရင်းတွေအရ သဘာဝဘေးအန္တရာယ်ကြောင့် ကျေးရွာ ၁၁ ရွာက နေအိမ် ၁၉ လုံးပြိုကျခဲ့ပြီး အိမ်ခြေ ၂၈ လုံးနဲ့ လူလျှောက်သစ်သားတံတား ၉ စင်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပင်လယ်ကျွန်းကျေးရွာဖြစ်တဲ့ ချောင်းကဖီးကျေးရွာမှာ နေအိမ် ၁၅ လုံး ပြိုကျကာ ၇ လုံး ပျက်စီးပြီး အများဆုံးပဲလို့ ဆိုပါတယ်။
သဘာဝဘေးအန္တရာယ်ကြောင့် လူနဲ့ တိရစ္ဆာန်တွေ သေဆုံးတာမရှိဘဲ ပြိုကျပျက်စီးခဲ့တဲ့ နေအိမ်တွေက မိသားစုဝင်တွေကို သက်ဆိုင်ရာအုပ်ချုပ်ရေး တာဝန်ရှိသူတွေက ရေလွတ်ရာ နေအိမ်တွေကို ယာယီပြောင်းရွှေ့ပေးပြီး ပျက်စီးတဲ့ နေအိမ်တွေကို ဖယ်ရှားရှင်းလင်း ဆောင်ရွက်ပေးကာ ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - လတ်ကိုကိုဦး