မြန်အောင်တွင် ဆင်သေ တစ်ကောင်နှင့် ဆင်သားရေများတွေ့
DVB
·
September 19, 2020
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ် မျှင်ဝါးတောင်ကြိုးဝိုင်းအတွင်း ဆင်အသေတစ်ကောင်နဲ့ ဆင်သားရေတွေကို တွေ့ရှိခဲ့တယ်လို့ ဟင်္သာတခရိုင် သစ်တောရဲတပ်ကြပ်ကြီး ရာဇာသူက ပြောပါတယ်။
“စက်တင်ဘာ ၁၇ ရက်က သားရေတွေ့တယ်။ မနေ့က ဆင်သေကို တွေ့တယ်။ သားရေတွေကိုတော့ အင်ပင်ရဲစခန်းကို သိမ်းပြီး အပ်ထားတယ်။ ဆင်အသေကောင်ကို မီးရှို့ဖျက်ဆီးဖို့ သစ်တောဦးစီးဌာနကို ခွင့်ပြုမိန့် တင်ထားတယ်။ ဒီနေ့ အမိန့်ကျရင် ဒီနေ့ မီးရှို့ဖျက်ဆီးပစ်မှာပါ။ ဇီဝမျိုးစုံမျိုးကွဲသဘာဝ ၄၁ (က) နဲ့ အမှု့ဖွင့်မယ်။ တရားခံ ဖမ်းဆီးဖို့ သစ်တောဦးစီးဌာနနဲ့ သစ်တောရဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အုပ်ချုပ်ရေးပိုင်းတွေ၊ ပြည်သူတွေနဲ့ ပူးပေါင်းစုံစမ်းနေပါတယ်” လို့ DVB ကို ပြောပါတယ်။
ဆင်သားရေ စုစုပေါင်း ၁၆၉ ချပ်ကို သိမ်းဆည်းရမိတာဖြစ်ပြီး မြန်အောင်မြို့နယ် သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးအောင်မျိုးက တရားလိုလုပ်ပြီး အင်ပင်နယ်မြေ ရဲတပ်ဖွဲ့စခန်းမှာ စက်တင်ဘာ ၁၉ ရက်နေ့ အမှုဖွင့်မယ်လို့ သိရပါတယ်။
မြန်အောင်မြို့နယ် အင်ပင်နယ်မြေ ရဲတပ်ဖွဲ့စခန်းအပိုင်ထဲမှာ ၂၀၁၈ ခုနှစ်ကလည်း ဆင်စွယ်နဲ့ တောရိုင်းတိရစ္ဆာန်ပေါင်းစုံသားရေတွေ သိမ်းဆည်းရမိဖူးပါတယ်။
မြန်အောင်မြို့နယ်ဟာ ရခိုင်ရိုးမနဲ့ဆက်စပ်နေပြီး နှစ်စဉ်တောဆင်ရိုင်းတွေ ဝင်ရောက်လေ့ ရှိနေတာပါ။