ရန်ကုန်ပြန် မကွေးမြို့က အမျိုးသမီး ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
DVB
·
September 19, 2020
ရန်ကုန်က ပြန်လာတဲ့ မကွေးတိုင်း၊ မကွေးမြို့နေ အမျိုးသမီး ၁ ဦးမှာ စက်တင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်မာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက "မကွေးပြည်သူ့ဆေးရုံကြီးမှာ သံသယလူနာအဖြစ် ကုသပေးနေတဲ့ ဆားစည်ရပ်ကွက်ထဲက အသက် ၅၄ နှစ်အရွယ် ရန်ကုန်ပြန် အမျိုးသမီးရဲ့ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တွေကို ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတာ" လို့ DVB ကို ပြောပါတယ်။
လူနာကို မကွေးပြည်သူ့ဆေးရုံကြီး ငါးထပ်ဆောင်ဆေးရုံမှာ သီးခြားထားရှိကုသနေပြီး သူနဲ့ဆက်စပ်ခဲ့တဲ့သူတွေကိုလည်း စုံစမ်းပြီး ဓာတ်ခွဲနမူနာပေးပို့စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
မကွေးပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄ ဦးနဲ့ စောင့်ကြည့်သံသယလူနာ ၂၀ လောက် တက်ရောက်ကုသနေပြီး နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့ ရယူကာ ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးနေတယ်လို့ ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းက မြို့နယ် ၈ မြို့နယ်မှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၆ ဦးတွေ့ရှိထားပြီး ရောဂါပိုကင်းစင်သူ ၃ ဦး၊ ဆေးရုံဆင်ခွင့်ရသူ ၂ ဦးနဲ့ ဆေကုသမှုခံယူနေသူ ၁၁ ဦးရှိတယ်လို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
မင်းထီး