မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ တံခွန်တိုင်ကျေးရွာမှာနေထိုင်တဲ့ အသက် ၅၀ အရွယ် ဒေါ်မြမြဝင်းကို နိုဝင်ဘာလ ၂၉ ရက်နေ့၊ မနက် ၂ နာရီဝန်းကျင်က ရိုက်နှက်ဖမ်းဆီးသွားပြီး နေအိမ်အတွင်းက ပစ္စည်းတွေကိုလည်း ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
ဆွေမျိုးနီးစပ်သူတဦးက ''ဘာလို့လာဖမ်းတာလည်း မသိဘူး။ ဘယ်ခေါ်သွားမှန်းလည်း မသိဘူး။ ရဲ ၅ ယောက်လောက်လာဖမ်းတုန်း အချက် ၂၀ လောက်လည်းရိုက်နှက်နေသေးတယ်။ သူ့အိမ်က ပစ္စည်းတွေကိုလည်း ရိုက်နှက်ဖျက်ဆီးသွားတယ်'' လို့ ပြောပါတယ်။
ရိုက်နှက်ဖမ်းဆီးခံရတဲ့ ဒေါ်မြမြဝင်း ရဲ့ အမျိုးသားနဲ့ သားဖြစ်သူတို့ဟာ တခြားနယ်မှာ သွားရောက် အလုပ်လုပ်ကိုင်နေတာလို့ နီးစပ်သူတွေဆီက သိရပါတယ်။
''အဓိကကတော့ ရွာကဒလန်ရဲ့ မဟုတ်မမှန်သတင်းပေးမှုကြောင့် ရွာက အမျိူးသမီးတဦး မတရားဖမ်းဆီးခံရတာ မဖြစ်သင့်တဲ့ကိစ္စဗျ'' လို့ ကျေးရွာဒေသခံတဦးက ပြောပါတယ်။
တချို့အုပ်ချူပ်ရေးမှူးနဲ့ စာရေးတွေက နုတ်ထွက်ဟန်ဆောင်ပြီး နောက်ကွယ်ကနေ ရွာကိုဒုက္ခပေး နေတာလည်း ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။
''အမျိုးသမီးတဦးကို ညကြီးအချိန်မတော် ရိုက်နှက်ဖမ်းဆီးတာဟာ လူ့အခွင့်အရေးကို အပြည့်အဝ ချိူးဖောက်ခံလိုက်ရတာဖြစ်လို့ ဆက်လက်စုံစမ်းနေပြီး ဒီကိစ္စကို ICRC နဲ့ AAPP ကို အကြောင်းကြားသွားမယ်'' လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ကိုမင်းက ပြောပါတယ်။
ဒေါ်မြမြဝင်းကို ဖမ်းဆီးသွားတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ နတ်မောက်မြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ ''မီဒီယာတွေကို ဖြေလို့ မရဘူး။ အလုပ်ရှုပ်တယ်'' လို့ တာဝန်ကျ ရဲဝန်ထမ်းက ပြန်လည်ဖြေကြားခဲ့ပါတယ်။