ဆီဆိုင်မြို့နယ်က အသက် ၁၃ နှစ်အရွယ် ကလေး ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
DVB
·
September 18, 2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ဒေသ တံတားဦးရပ်ကွက်က ၁၃ နှစ်အရွယ် ကလေး ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ သိရပါတယ်။
အသက် ၁၃ နှစ်အရွယ်ရှိ ကလေးဟာ အတည်ပြုလူနာ ဖခင်ကတဆင့် ကူးစက်ခံရတာလို့ သိရပါတယ်။
ဖခင်ဖြစ်သူ လူနာအမှတ် ၃၄၁၃ ဟာ ရန်ကုန်ကနေပြန်လာသူဖြစ်ပြီး သူနဲ့အတူနေတဲ့ မိသားစုကို စစ်ဆေးရာ သားဖြစ်သူမှာ ရောပိုးတွေ့ရှိတာလို့ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကိုက ပြောပါတယ်။
“ကလေးက မိသားစုကွဲနေတာပေါ့နော်။ သူ့အဖေ case က အတူနေတဲ့ မိသားစုကို ဒီတခေါက် အကုန်လုံးစစ်လိုက်တာ ပိုးမတွေ့ဘူး၊ သူတစ်ယောက်ပဲ positive ဖြစ်သွားတာပေါ့။ သူ့အမေဘက်မိသားစုကတော့ ၅ ယောက်ရှိတယ်။ quarantine မှာ ထားလိုက်ပြီ ဓာတ်ခွဲစစ်သွားမှာပေါ့နော်။”
ပိုးတွေ့ လူနာကလေးဟာ အမေဖြစ်သူနဲ့ နေထိုင်တာဖြစ်ပြီး ထိတွေ့ခဲ့သူတွေကို quarantine စင်တာမှာ ထားရှိပြီးဖြစ်တယ်လို့ ဆီဆိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ခွန်သန်းထူးက ပြောပါတယ်။
“အဲဒီတံတားဦး ရပ်ကွက်လူတွေက အဝေးမှာအလုပ်သွားလုပ်သူတွေများတယ်။ အခုလည်း ရန်ကုန် သင်္ဃန်းကျွန်းကနေပြန်လာတဲ့သူဖြစ်လို့ သူ့သားကိုကူးစက်တာပေါ့။ တရပ်ကွက်လုံး lockdown တော့ မလုပ်တော့ဘူး သူတို့နေတဲ့ အိမ်အနီး လေးငါးဆယ်တော့ အသွားအလာကန့်သတ်လုပ်ထားတယ်။ အစားအသောက်ကတော့ စီစဉ်ပေးရတာပေါ့။”
ဆိုင်ခေါင်မှာ ကျန်းမာရေး အသိပညာပေးတွေ ပိုမိုလုပ်ပေးပြီး စျေးတွေလည်း ယာယီပိတ်ထားလိုက်ပြီဖြစ်ပါတယ်။
လူနာနေတဲ့ ရပ်ကွက်ရှိ အိမ်အနီးလမ်းတွေမှာ အသွားအလာ ကန့်သတ်လုပ်ထားလိုက်ပြီလို့ ဆိုပါတယ်။ လူနာကို တောင်ကြီး မြို့စဝ်စံထွန်းဆေးရုံကိုပို့ဆောင်ပြီး ကုသမှုခံယူသွားပြီဖြစ်ပါတယ်။
ခွန်ရာဇာ