ရွှေကူမြို့၌ မန္တလေးဘက်မှ ဝင်လာသည့် ကုန်တင်ယာဉ်များကို တင်းကြပ်စွာ စစ်ဆေးနေ
DVB
·
September 17, 2020
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ဖို့ ရည်ရွယ်ပြီး မန္တလေးဘက်ကနေ ဝင်လာတဲ့ ကုန်ကားတွေကို တင်းကြပ်စွာ စစ်ဆေးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မန္တလေးဘက်ကလာတဲ့ ကုန်ကားတွေရဲ့ ဖြတ်သန်းခွင့်ကို အရင်ကည ၁၂ နာရီမှ မနက် ၄ နာရီ အထိပိတ်ထားရာကနေ စက်တင်ဘာလ ၁၇ ရက်ကစပြီးည ၁၀ နာရီမှ မနက် ၆ နာရီအထိ တိုးမြှင့်ပိတ်ပင်လိုက်တာလို့ စစ်ဆေးရေးဂိတ်မှာ တာဝန်ကျတဲ့ ရွှေကူမြို့မရဲစခန်းက ရဲတပ်ကြပ် အောင်သူရမိုးက ပြောပါတယ်။
အခုလို ဖြတ်သန်းခွင့်ကို အချိန်တိုးပြီး ကန့်သတ်လိုက်တဲ့အပေါ် ကုန်ကားမောင်းသူတွေ အနေနဲ့လည်း ထိရောက်တဲ့ ကာကွယ်မှု လုပ်ဆောင်တာဖြစ်လို့ အထွေအထူး ပြောစရာမရှိဘူးလို့ မန္တလေး-ရွှေကူ-ဗန်းမော် ကုန်တင်ယာဉ်မောင်းသူ တစ်ဦးက ပြောပါတယ်။
အဲဒီ ပူးပေါင်းစစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ပြီး မန္တလေးဘက်ကနေ ကချင်ပြည်နယ်ထဲကို နေ့စဉ် ကုန်ကားအစီရေ ၁၅၀ နီးပါး ဝင်ရောက်နေတယ်လို့ သိရပါတယ်။
သတင်း - ကျော်ဇေယျ (CJ)