ဥက္ကံမြို့တွင် မီးလောင်မှုဖြစ်ပွားပြီး အမျိုးသမီး ၁ ဦးသေဆုံး
DVB
·
September 17, 2020
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ ဘုရင့်နောင်ရပ်ကွက်မှာ စက်တင်ဘာ ၁၆ ရက် ည ၁၂ နာရီကျော်က လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး နေအိမ်တစ်လုံးမီးလောင်ခဲ့တဲ့အတွက် အသက် ၅၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားပါတယ်။
မီးလောင်ပြင်ကို ဥက္ကံမြို့မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ် ၄ စီးနဲ့ သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ ညသန်းခေါင်ကျော် ၁၂ နာရီခွဲ လောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဥက္ကံမြို့မီးသတ်တပ်ဖွဲ့ဝင် ဗိုလ်လေးနေဝင်းထွန်းက ပြောပါတယ်။
"ရေခဲသေတ္တာ ဆော့ကတ်ပျက်ပြီး ဝါယာရှော့ဖြစ်ရာက ဘေးနားကထရံကို မီးစွဲပြီး လောင်တာ။ ပျက်စီးဆုံးရှုံးတာက ၁၀ သိန်းကျပ် ခန့်ရှိတယ်။ အိမ်မှာက အမျိုးသမီးတစ်ဦးတည်း နေတာဖြစ်ပြီး မီးလောင်သေဆုံးခဲ့တဲ့အတွက် သေမှု၊ သေခင်းအရ ပုဒ်မ ၂၈၅/၃၀၄(က)နဲ့ အရေးယူ ဆောင်ရွက်ထားပါတယ်။"
ဘေးပတ်ဝန်းရှိ နေအိမ်တွေရဲ့ပြောပြချက်အရ မီးလောင်သေဆုံးခဲ့တဲ့ အမျိုးသမီးမှာ ခြေထောက်မသန်စွမ်းသူတစ်ဦးဖြစ်ပြီး နေအိမ်မှာ တစ်ဦးတည်း နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။
သတင်း - မေသွယ်