ဗိုလ်တထောင်တွင် မီးရထားဝန်ထမ်း ၁ ဦးအပါအဝင် ပိုးတွေ့လူနာ ၅ ဦးထပ်တွေ့
ညီငယ်
·
September 16, 2020
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၀၃ ဦး စာရင်းမှာ ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်က သိမ်ဖြူမီးရထားဝင်းမှာနေထိုင်သူ မီးရထားဝန်ထမ်း ၁ ဦးအပါအဝင် ပိုးတွေ့လူနာ ၅ ဦးထပ်တွေ့ထားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်မေစိုးက ဒီဗွီဘီကို ပြောပါတယ်။
ပိုးတွေ့လူနာ ၅ ဦးထဲမှာ အနံ့မရလို့ သွားစစ်ရာကနေ ရောဂါတွေ့တဲ့သူ ၂ ဦးပါဝင်ပြီး ၁ဦးက သိမ်ဖြူမီးရထားဝင်း အပျိုဆောင်နေ စာရင်းကိုင်အမျိုးသမီး ၁ ဦးနဲ့ နောက် ၁ ဦးကတော့ ၃ ရပ်ကွက်မှာနေတဲ့သူ ဖြစ်ကာ နေမကောင်း အနံ့မရတာကနေ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
သူတို့ ၂ ဦးနဲ့ ထိတွေ့သူတွေကတော့ အသွားအလာကန့်သတ်ထားသလို မီးရထားဝင်းကိုလည်း အသွားအလာကန့်သတ်ထားတယ်လို့ လွှတ်တော်အမတ် ဒေါ်မေစိုးက ပြောပါတယ်။
ကျန်တဲ့ ၃ ဦးကတော့ အတည်ပြုလူနာတွေနဲ့ ထိတွေ့လို့ အသွားအလာ ကန့်သတ်ထားရာကနေ ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဗိုလ်တထောင်မြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတဲ့ အတည်ပြုလူနာ စုစုပေါင်း ၇၀ ကျော်ရှိပြီ ဖြစ်ပါတယ်။