ဗိုလ်တထောင်မြို့နယ် အမှတ် ၈ ရပ်ကွက် ၄၃ လမ်းမှာရှိတဲ့ L& Z ငါးလုပ်ငန်း ကုမ္ပဏီ နိုဝင်ဘာ ၁၇ ရက် ညနေ ၅ နာရီခွဲက ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း ခြောက်ရာကျော်ပါသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ညနေ ၅ နာရီခွဲက L& Z ငါးလုပ်ငန်း ကုမ္ပဏီကို ဓားကိုယ်စီ ကိုင်ဆောင်ထားတဲ့ လူတစုရောက်ရှိလာပြီး ဝန်ထမ်းတွေကို ခြိမ်းခြောက်ကာ ငွေတွေလုယူသွားတာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"စစ်သားတွေ ရဲတွေလာမှ ဓားပြတိုက်ခံရတယ်ဆိုတာ သိတာ၊ သိန်းခြောက်ရာကျော်ပါသွားတယ်လို့ ကြားတယ်။ ဝန်ထမ်းတွေကိုတော့ ဘာမှမလုပ်သွားဘူး။"
L& Z ငါးလုပ်ငန်း ကုမ္ပဏီမှာ အမျိုးသားဝန်ထမ်း နှစ်ဦးတည်းရှိတဲ့အချိန် အမည်မသိအမျိုးသား ၆ ဦးရောက်ရှိလာပြီး ဝန်ထမ်းနှစ်ဦးကို ကြိုးနဲ့တုပ်ကာ ငွေသိန်းခြောက်ရာကျော်ကို ယူဆောင်သွားတာလို့ တိုင်းရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူရဲအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ဝန်ထမ်းနှစ်ယောက်ပဲရှိတဲ့အချိန် Mask တပ်ထားတဲ့ လူခြောက်ယောက် ရောက်လာပြီး ဓားနဲ့ခြိမ်းခြောက်ပြီး ဝန်ထမ်းနှစ်ယောက်ကို လက်ပြန်ကြိုးတုပ်ပြီး ပါးစပ်တိပ်နဲ့ပိတ်ပြီး ငွေတွေယူသွားတာ။"
အဆိုပါဓားပြတိုက်မှုဖြစ်စဥ်မှာ L& Z ငါးလုပ်ငန်း ကုမ္ပဏီမှ ငွေကျပ်သိန်း ၆၃၀ နီးပါးပါသွားပြီး ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ တိုင်းရဲတပ်ဖွဲ့က သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက် ည ၆ နာရီခွဲကလည်း မြောက်ဥက္ကလာပမြို့နယ် ၁ ရပ်ကွက် သုမိတ္တာ ၂၂ လမ်းမှာ ရွှေဆိုင်ကဆိုင်သိမ်းပြီးပြန်လာတဲ့ အမျိုးသမီးတဦးကို သေနတ်နဲ့ပစ်ခတ်ပြီး ရွှေထည်လုယက်ခံရတဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။
အလားတူပင် ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ပုဇွန်တောင်၊ လှိုင်သာယာနဲ့ ဒဂုံဆိပ်ကမ်းမှာ လုယက်မှုတွေဖြစ်ခဲ့ပြီး အမျိုးသား ၃ ဦးနဲ့အမျိုးသမီး ၂ ဦးသေဆုံးခဲ့ပါတယ်။