ဗိုလ်တထောင်က ပိုးတွေလူနာ ၇ ဦးတွင် ဘယ်ကကူးမှန်းမသိသည့် ကပ္ပိယ ၁ ဦးပါဝင်
ညီငယ်
·
September 15, 2020
မနေ့ညနဲ့ ဒီမနက် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၈၄ ယောက်ထဲမှာ ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်ထဲက ပိုးတွေ့လူနာ ၇ ယောက်ပါဝင်ပြီး ဒီအထဲမှာ ရောဂါပိုး ဘယ်က ကူးစက်ခံထားရမှန်းမသိတဲ့ ဘုန်းကြီးကျောင်းသား ကပ္ပိယတစ်ယောက် ပါဝင်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေစိုးက ဒီဗွီဘီကို ပြောပါတယ်။
"သူက အရင်က သိမ်ဖြူလမ်းက ဘုန်းကြီးကျောင်းမှာနေတယ်။ ကပ္ပိယကျောင်းသားပေါ့နော်။ အဲမှာနေတယ်။ ဆိုက်ကားနင်းတယ်။ ဒါပေမဲ့ဘုန်းကြီးကျောင်းက လက်မခံလို့ သူက သာကေတမှာ နေတယ်။ ဆိုက်ကားနင်းတာတော့ ကျောက်တံတားမှာနင်းတယ်။ သူဆိုရင် ဘယ်အချိန်ကပိုးက စရှိခဲ့တယ်ဆိုတာမသိဘူး။ မသိနိုင်ဘူးဆိုတော့ ဘုန်းကြီးကျောင်းမှာလည်း ကွာရန်တင်းဝင်ပြီး စစ်ကြရတယ်။ သူ့ဆီမှာ ဆိုက်ကား ဘယ်သူတွေစီးခဲ့တယ်ဆိုတာလဲ သူမမှတ်မိဘူး။ နောက်သာကေတမှာလည်း နေတယ်ဆိုတော့ ပိုးတွေက ဖြန့်ထားသလိုတွေဖြစ်နေတယ်။ "လို့ ဒေါ်မေစိုးက ပြောပါတယ်။
ပိုးတွေ့ကပ္ပိယနေထိုင်တဲ့ ပညာရာမိက ဘုန်းကြီးကျောင်းမှာ နေထိုင်သူတွေကို ဘုန်းကြီးကျောင်းမှာဘဲ အသွားအလာကန့်သတ်ထားကြောင်း သိရပါတယ်။ အသစ်ထပ်တိုး လာတဲ့ ဗိုလ်တထောင်ပိုးတွေ့လူနာ ၇ ယောက်ထဲမှာ အတည်ပြုလူနာတွေနဲ့ ထိတွေ့တဲ့သူ ၆ ယောက်ပါပြီး၊ ကျန်တဲ့ တစ်ယောက်ကတော့ ဘယ်ကကူးမှန်းမသိတဲ့သူဖြစ်ပါတယ်။
ဒီ ၇ ယောက်ကတော့ ဗိုလ်တထောင် ၄ ရပ်ကွက်၊ ၅ ရပ်ကွက်၊ ၁၀ ရပ်ကွက်တွေက ၄၈ လမ်း၊ ၅၂ လမ်း၊ ၅၃ လမ်း၊ ၅၅ လမ်းနဲ့ သိမ်ဖြူလမ်းနေထိုင်သူတွေဖြစ်ကြပြီး သူတို့နဲ့ဆက်စပ်သူ အယောက် ၅၀ လောက်ရှိတယ်လို့ ဆိုပါတယ်။
ဗိုလ်တထောင်မြို့နယ်မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ စု စုပေါင်း ၆၈ယောက်ရှိပြီဖြစ်ပါတယ်။